Home
မေးမြန်းခန်း
“ရွေးကောက်ပွဲကို အစိုးရသစ်မဖွဲ့ခင်လုပ်ဖို့လိုအပ်တယ်”- ခိုင်ကောင်းစံနှင့် မေးမြန်းချက်
DVB
·
January 8, 2021
ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့နေရာတွေမှာ  ရွေးကောက်ပွဲ ဘယ်တော့ ပြန်လည်ကျင်းပမယ်ဆိုတာ ခုချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က တစုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ အစိုးရသစ်မဖွဲ့ခင်  ရခိုင်ပြည်နယ်ထဲက မြို့နယ် ၉ မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့လိုတဲ့ အကြောင်းနဲ့ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲကျင်းပပြီးတော့ တက်လာတဲ့အစိုးရဟာ ပိုပြီးတော့ ဂုဏ်သိက္ခာ ရှိမယ်လို့ ရခိုင်ပြည်နယ်ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့က ဦးဆောင်အဖွဲ့၀င် ဦးခိုင်ကောင်းစံက ဒီဗွီဘီကို ပြောပါတယ်။ ခုအချိန် ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်မယ့် အခြေအနေရှိမရှိ၊ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပါက ဖြစ်လာနိုင်မယ့် ရခိုင်ပြည်နယ်လွှတ်တော်နဲ့အစိုးရ အခင်းအကျင်းနဲ့  ပြီးခဲ့တဲ့ ရွေးကောက်ပွဲဖြစ်စဉ်အပေါ် လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ဦးခိုင်ကောင်းစံကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားတာကို ထုတ်နုတ်ဖော်ပြလိုက်ရပါတယ်။ မေး။ ရခိုင်ပြည်နယ်မှာ အေအေက ရွေးကောက်ပွဲကျင်းပပေးဖို့ တောင်းဆိုတယ်။ တပ်က ထောက်ခံတယ်။ ကော်မရှင်ဘက်ကတစ်စုံတရာလုပ်မယ်။ မလုပ်ဘူး မပြောသေးတဲ့ အခြေအနေပေါ့။ ဒီဖြစ်စဉ်အပေါ် ဘယ်လိုသုံးသပ်ချင်လဲ။ ‌ဖြေ။ “တပ်မတော်ဆိုတာက ကျနော်တို့နိုင်ငံရဲ့ တကယ့်အင်အားကြီးတယ်။ ပြီးတော့ တပ်မတော်ဆိုပေမယ့် နိုင်ငံရေးကဏ္ဍထဲမှာပါ၀င်တဲ့ အစုအဖွဲ့ကြီးတစ်ခု ဖြစ်တယ်။ အဲဒီတော့ နောက်တစ်ခုက အေအေဆိုတာကလည်း ကျနော်တို့ မြန်မာပြည်ရဲ့ နိုင်ငံရေးကဏ္ဍမှာပါ၀င်တဲ့ (EAO) လက်နက်ကိုင် အင်အားစုထဲမှာ တကယ်ကြီးမားတဲ့ အင်အားစုတစ်စု ဖြစ်တယ်။ အဲဒီတော့ အဲဒီအဖွဲ့နှစ်ဖွဲ့ဟာ တစ်ဘက်က ရွေးကောက်ပွဲကျင်းပဖို့ တောင်းဆိုတယ်။ တစ်ဘက်ကလည်းထောက်ခံတယ်။ အဲဒီအပေါ်မှာ ရွေးကောက်ပွဲကော်မရှင်က ဘာမှ မတုံ့ပြန်တာ ကောင်းတဲ့ လက္ခဏာတစ်ခုတော့ မဟုတ်ဘူး။ တကယ်ဆိုရင်တော့ သူ့ဘက်ကလည်း တုံ့ပြန်သင့်တယ်။ ဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်း၊ လုပ်နိုင်ခြင်း၊ မလုပ်နိုင်ခြင်းပေါ့။ သူ့ဥပဒေနဲ့ အညီပေါ့လေ။” “နောက်တစ်ခုက အေအေက တောင်းဆိုတဲ့အရာမှာတော့ အချိန်လေးတစ်ခု ကန့်သတ်တာပေါ့တဲ့။ အဲဒီအခြေအနေပေါ်မှာ ကျနော့်အနေနဲ့ နည်းနည်းတော့ ထောက်ပြချင်တယ်။ ရွေးကောက်ပွဲ ကျင်းပမယ်ဆို ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အညီလုပ်ရတာပေါ့နော်။ အဲဒီတော့ ဒီဇင်ဘာကို နောက်ဆုံးထားပြီးတော့ ကျင်းပရမယ်ဆိုတာက UEC အတွက် အကြပ်အတည်းဖြစ်စေတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ဒါကို UEC က ပြောသင့်တာပေါ့။ ဒီဇင်ဘာအတွင်းမှာ ကျင်းပမယ်ဆို မဖြစ်နိုင်ဘူး။ အစိုးရမဖွဲ့ခင်မှာ ဖြစ်နိုင်တယ်ဆိုတာမျိုးကို သူ့အနေနဲ့ ချပြသင့်တယ်။ ဒီဇင်ဘာအတွင်းမှာ မလုပ်နိုင်ဘူးဆိုရင် ကျနော်ကတော့ ဒီရွေးကောက်ပွဲကို အစိုးရသစ်မဖွဲ့ခင်မှာ လုပ်ဖို့လိုအပ်တယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်လူထုရဲ့ လိုအပ်ချက်ဖြစ်တယ်။ ရခိုင်လူထု ၁၆ သိန်းကျော်ထဲမှာ လေးပုံတစ်ပုံလောက်ပဲ မဲပေးရတယ်။ မဲရုံကလည်း ၂၀၀၀ ကျော်ထဲမှာ ၂၀၀ ကျော်ပဲ မဲပေးခွင့်ရတယ်။ လုံး၀ ရာနှုန်းပြည့် ကျင်းပနိုင်တဲ့ မဲရုံကလည်း ၄ ခုပဲရှိတယ်။ ဒီကျန်တဲ့ ၄ မြို့နယ်ကဆိုရင်တော့ တချို့တ၀က်က မကျင်းပနိုင်ဘူး။ ပြီးရင် လုံး၀မကျင်းပနိုင်တဲ့မြို့ဆိုလည်း ၉ မြို့ရှိတာပေါ့။ ဒီတော့ ဒါဟာ တက်လာတဲ့ အစိုးရအတွက် ပြည်နယ်အစိုးရအတွက်သော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအတွက်သော်လည်းကောင်း ကောင်းတဲ့အရာတော့မဟုတ်ဘူး။ ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲကျင်းပပြီးတော့ တက်လာတဲ့အစိုးရတွေဆို ပိုပြီးတော့ ဂုဏ်သိက္ခာ ရှိမယ်လို့ ပြောချင်ပါတယ်။” မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲဟာ လွှတ်တော်သက်တမ်းပထမနှစ်နဲ့ နောက်ဆုံးပဉ္စမနှစ်တို့မှာ လုပ်ခွင့်မရှိဘဲ ကြားကသုံးနှစ်အတွင်းမှာ လုပ်ရတယ်မဟုတ်လား။ ခုအတိုင်းဆို ၂၀၂၁ မှာတောင် ရွေးကောက်ပွဲ ပြန်ကျင်းပဖြစ်ပါ့မလား။ ဖြေ ။  “ သမ္မတကြီးရဲ့ သ၀ဏ်လွှာထဲမှာလည်း ပါတယ်။ ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ။ အဲဒိတော့ ကြားဖြတ်ရွေးကောက်ပွဲ မဟုတ်ဘူးလို့လည်း ကျနော်ထောက်ပြချင်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားဖြတ်ရွေးကောက်ပွဲဆိုတာက လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပမာ - ၀န်ကြီးအဖွဲ့မှာ ပါသွားတာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ သေဆုံးသွားတာတွေပေါ့။ ဒီလိုတာ၀န်မထမ်းဆောင်နိုင်တဲ့ လစ်လပ်နေရာမျိုးမှာသာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ဖြစ်တယ်။ ဒီရွေးကောက်ပွဲက ကျနော်တို့ အခြေအနေပေါ်မှာ လက်ခံထားရတဲ့ ရွေးကောက်ပွဲတွေဖြစ်တယ်။ အဲဒိတော့ ဒါက ကြားဖြတ်ရွေးကောက်ပွဲမဟုတ်ပေမယ့် ဒီဟာကို ဘယ်လိုကျော်လွှားပြီးတော့ ဥပဒေတချို့ကို ပြန်ပြင်ပြီးတော့မှ အစိုးရမဖွဲ့ခင်က ရွေးကောက်ပွဲ ဘယ်လို ကျင်းပမလဲဆိုတာမျိုးနဲ့ စဉ်းစားဖို့လိုမယ်။ ချဉ်းကပ်ဖို့လိုတယ်လို့ ကျနော် ထောက်ပြချင်ပါတယ်။” မေး- ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တာ ၉ မြို့နယ်ကျော်ရှိတယ်။ ပြည်နယ်လွှတ်တော်အခင်းအကျင်း ၊ ပြည်နယ်အစိုးရ အခင်းအကျင်း ဘယ်လိုဖြစ်လာနိုင်မလဲ။ မဲမပေးလိုက်ရတဲ့ ပြည်သူတွေအတွက် ထိခိုက်နစ်နာမှုတွေက ဘာတွေဖြစ်နေလဲ။ ဘာတွေ ထပ်ဖြစ်လာဦးမလဲ။ ဖြေ ။ “ လွှတ်တော်ကိုယ်စားလှယ်က ၁၅ ယောက်ရှိမှာ။ အကုန်လုံးပေါင်းလိုက်ရင်တော့ ရခိုင်ဦးဆောင်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အန်အယ်လ်ဒီပါတီ၊ ပြီးတော့ ကြံ့ခိုင်ရေးပါတီ‌ပေါ့ အဲဒိတော့ အကုန်လုံး ၁၅ ဦးရှိမယ်။ နောက်ထပ် တပ်မတော်ကလာတဲ့ ၅ ယောက်ရှိမယ်ပေါ့။ အယောက် ၂၀ နဲ့ လွှတ်တော်ဖြစ်မှာနဲ့ လွှတ်တော်ဖြစ်မှာပေါ့။ ပြီးပြည့်စုံတဲ့ လွှတ်တော်မဟုတ်ဘူးပေါ့။ ကျနော်တို့ ပြောလေ့ပြောထရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေက ရာနှုန်းပြည့် မဟုတ်ဘူး။ ဒီအစိတ်သားက တပ်မတော်သားကပါနေတယ်။ အခုလည်းပုံမှန်ပါနေမှာပါပဲ ဒီဖြစ်စဉ်ထဲမှာတော့။ အဲဒိတော့ တက်လာတဲ့အစိုးရက ရခိုင်ပြည်သူတစ်ရပ်လုံးရဲ့ မဲဆန္ဒနဲ့ လျှော်ညီစွာ တက်လာတဲ့အစိုးရ တစ်ရပ် မဟုတ်ဘူးဆိုတာ သိသာထင်ရှားတယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်မှာ မဲပေးပိုင်ခွင့်ရှိသူ ၁၆ သိန်းကျော်က မဲပေးလိုက်တဲ့ အစိုးရတစ်ရပ်မဟုတ်တော့ဘူး။ နောက်ပြီးတော့ မြို့နယ်အသီးသီးမှာဆိုရင် ရွေးကောက်ပွဲမကျင်းပတဲ့ မြို့နယ်တွေလည်းရှိတယ်။”  “နောက်တက်လာတဲ့အစိုးရက ညွန့်ပေါင်းပုံစံမျိုးတော့ ဖြစ်လာမှာပဲ။ ခါတိုင်းလည်း ညွန့်ပေါင်းပါပဲ။ အနိုင်ရတဲ့ပါတီကို ၀န်ကြီးတွေပေးတာတွေ၊ ၀န်ကြီးချုပ်တွေ၊ နောက်ပြီးလွှတ်တော် ဥက္ကဋ္ဌကို လွှတ်တော်ကသာ ရွေးတယ်ဆိုတာမျိုးတွေပေါ့။ ဒါပေမဲ့ တစ်ခုထူးခြားနိုင်တာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့မတူတာ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ အန်အယ်လ်ဒီက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံတယ်ဆိုတဲ့ ကော်မတီတစ်ရပ် ဖွဲ့ထားတာ တွေ့တယ်။ အဲဒိတော့ အစိုးရမဖွဲ့ခင်မှာ ဘယ်လိုမျိုးတွေ ကောင်းမွန်တဲ့ အပေးအယူမျိုးတွေနဲ့ ဘယ်လိုသွားကြမလဲဆိုတဲ့ဟာတစ်ခု ဒါက မျှော်လင့်ချက်လေးတစ်ခုပေါ့။ နောက်တစ်ခုကတော့ ဖြစ်လာမယ့်အစိုးရလည်း တကယ့်ကို perfectဖြစ်တဲ့အစိုးရမျိုး ဖြစ်နိုင်ပါ့မလား။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်က ဒီ ၁၅ ယောက်ပဲရှိတယ်။ အဲ့ထဲကမှ  ကျနော်တို့ ဒီ၀န်ကြီးချုပ်လုပ်မယ့်ပုဂ္ဂိုလ်ရော တကယ့်၀န်ကြီးချုပ်လုပ်မယ့် အင်္ဂါရပ်နဲ့ကိုက်ညီပါရဲ့လား။ နောက်အစိုးရဖွဲ့တဲ့အခါရော ပါလာမယ့်သူတွေကရော တကယ့်အရည်အသွေးနဲ့ ကိုက်ညီရဲ့လားဆိုတာ ကြည့်ရမယ်။” “အစိုးရကတော့ အပြင်ကတတ်သိပညာရှင်တွေနဲ့ ဖွဲ့လို့ရတာပေါ့။ တကယ်တမ်း ရခိုင်ဒေသအတွက် အထောက်အပံ့တစ်ခုဖြစ်တဲ့ အစိုးရဖြစ်လာမှာလား။ ဒါလည်း စဉ်းစားစရာတွေဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ တက်လာတဲ့အစိုးရက ကိုယ့်မိသားစုအတွက်ပဲ လုပ်မယ်။ ကိုယ့်ရပ်ရွာအတွက်ပဲ လုပ်မယ်ဆိုတာနဲ့ မပြည့်စုံဘူးပေါ့။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်နယ်အစိုးရဆိုတာက တစ်ပြည်နယ်လုံးအတွက်  မျှတပြီး လုပ်ဆောင်ရမယ့်အပိုင်းမှာ ထည့်သွင်းစဉ်းစားပေးမယ့် လူတွေနဲ့ ဖွဲ့စည်းပေးဖို့ လိုအပ်တယ်။ ဒီတော့ တက်လာတဲ့အစိုးရကိုလည်း ကျနော်တို့ စောင့်ကြည့်ရမှာ ရှိသေးတာပေါ့။” မေး ။ဂျပန်အစိုးရကိုယ်စားလှယ် ကာကာဆာဝါက ရွေးကောက်ပွဲ စောင့်ကြည့်ရေးလည်းလုပ်သလို ရခိုင်ပြည်နယ်ခရီးစဉ်အပြီးမှာ ရွေးကောက်ပွဲပြန်လုပ်ပေးသင့်တယ်လို့ပြောတယ်။ သူက ဘယ်သူတွေနဲ့တွေ့ပြီး ဒီသဘောထားထုတ်ပြန်တာလဲ။ တခြား ပြည်ပနိုင်ငံ ဩဇာတစ်စုံတရာ ရှိသေးလား။ ဥပမာ တရုတ်နဲ့ တခြားအနောက်နိုင်ငံတွေပေါ့။ ဖြေ- “သူလာတဲ့ဟာလည်း ‌‌ကောင်းတဲ့အရာတစ်ခုလို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့လို့ သူက တချို့မြို့နယ်ကိုသွားပြီးတော့ လူပုဂ္ဂိုလ်တွေနဲ့ တွေ့တယ်လို့ ပြောတယ်ပေါ့။ ကျနော်တို့ ဒီ စစ်တွေမှာ ဆိုရင်တော့ ရခိုင်အမျိုးသားပါတီလို ခေါင်းဆောင်တွေနဲ့တွေ့တာတော့ သိတာပေါ့လေ။ အဲဒိတော့ တကယ်တမ်းက ဒီလူတစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးမှုဟာ သူ့နောက်မှာ ဘယ်သူတွေရှိနေလဲ။ ဘယ်နိုင်ငံတွေရှိနေလဲ ဆိုတာလည်း စဉ်းစားစရာဖြစ်တယ်။” “ကျနော်တို့ဒေသ ကျနော်တို့ပြည်နယ်က တကယ့်ကို သယံဇာတတွေနဲ့ ပိုင်ဆိုင်ထားတဲ့ ဧရိယာဖြစ်တယ်။ ကျနော်တို့နိုင်ငံဆိုရင်လည်း ကမ္ဘာ့အလယ်မှာ လမ်းချိတ်ဆက်မှုတွေ၊ ကုန်စည် စီးဆင်းမှုတွေမှာ အကျုံး၀င်တဲ့ နေရာတစ်ခုဖြစ်တယ်။ ဥပမာ တရုတ်ရဲ့လွှမ်းမိုးမှုတွေ အများကြီးခံနေရတယ်။ အနောက်အုပ်စုတွေကလည်း ဒီလွှမ်းမိုးမှုအပေါ်မှာသော်လည်းကောင်း၊ သူတို့ရဲ့ အကျိုးအမြတ်ပေါ်မှာသော်လည်းကောင်း ၊ပြည်သူတွေရဲ့ မျှော်လင့်ချက်ပေါ်မှာ သော်လည်းကောင်း၊ ဖြစ်စေချင်တဲ့ မျှော်လင့်ချက်တွေနဲ့ လာချဉ်းကပ်တာမျိုး ရှိနိုင်တာပေါ့။” “အဲဒိတော့ ကျနော်ပြောချင်တာက လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ရဲ့ တိုက်တွန်းမှု၊ နိုင်ငံတစ်ခုရဲ့ တိုက်တွန်းမှုဆိုတာထက် ကျနော်တို့နိုင်ငံမှာ ဒီရွေးကောက်ပွဲဟာ မဖြစ်မနေ လိုအပ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံက အချင်းချင်းကြားထဲမှာ နိုင်ငံသူ၊ နိုင်ငံသား ၊ တိုင်းရင်းသားနဲ့ အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်တွေကြားမှာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လိုအပ်တယ်။ ဒီရွေးကောက်ပွဲ ဖြစ်ပေါ်ဖို့ လိုအပ်တယ်ဆိုတာက လုပ်ဆောင်တဲ့‌အရာမှာ ပိုပြီးတော့ ခရီးရောက်မယ်လို့ မျှော်လင့်မိတယ်။” မေး ။ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ၊ ကျင်းပစဉ်ကာလနဲ့ ရွေးကောက်ပွဲအပြီးကို စောင့်ကြည့်ရာမှာ ဘာထူးခြားချက်တွေ တွေ့ရပါသလဲ။ ဖြေ။ “ကျနော်တို့ ဒီရွေးကောက်ပွဲကို စောင့်ကြည့်ခဲ့တဲ့အချိန်မှာတော့ ရွေးကောက်ပွဲမဖြစ်ခင်ကတည်းက ကျနော်တို့ ရခိုင်ဒေသမှာ အထူးသဖြင့် တောင်ဘက်ပိုင်းကိုပဲ ကျင်းပတဲ့အခါကျတော့ တောင်ဘက်ပိုင်းမှာ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးခံရတယ်။ ဒါပေမဲ့ ကျနော်တို့ စောင့်ကြည့်တဲ့ အချိန်မှာ ထူးခြားတာတစ်ခုတွေ့တယ်။ ဘာဖြစ်လဲဆိုတော့ တောင်ကုတ်၊ အမ်း စသည်အားဖြင့် တောင်ဘက်ပိုင်း ဧရိယာတွေမှာ ကြံ့ခိုင်‌ရေးပါတီရှိတယ်။ အန်အယ်လ်ဒီ ပါတီရှိတယ်။ ရခိုင်အမျိုးသား ပါတီရှိတယ်။ ရခိုင့်ဦးဆောင်ပါတီရှိတယ်။ နှင်းဆီပါတီ ရှိတယ်။ စသည်အားဖြင့် ပါတီအသီးသီးရှိကြတယ်။ ဒါပေမဲ့ ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတဲ့ဟာက အန်အယ်လ်ဒီ ပါတီနဲ့ ရခိုင်အမျိုးသားပါတီတွေရဲ့ ဆိုင်းဘုတ်တွေပဲ ဖျက်ဆီးခံရတယ်။ ဒါသူ့နောက်မှာ သံသယ ဖြစ်စရာတွေ အများကြီးရှိတယ်။ ကျန်တဲ့ပါတီတွေ တကယ်ပြောမယ်ဆိုရင် အတိုက်အခံပါတီထဲမှာဆို ကြံ့ခိုင်ရေးပါတီဆိုတာ တကယ့်အင်အားကြီးပါတီဖြစ်တယ်။ အဲဒိပါတီတွေရဲ့ ဆိုင်းဘုတ်တွေကို ဖျက်ဆီးတာမတွေ့ရဘဲနဲ့ ရခိုင်အမျိုးသားပါတီနဲ့ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွေရဲ့ ဆိုင်းဘုတ်နှစ်ခု ဖျက်ဆီးခံရတာကိုက သံသရဖြစ်စရာဖြစ်တယ်။ အဲဒိနောက်မှာဆို အငြင်းပွားမှုတွေ၊ မဲဆွယ်စည်းရုံးရေး ကာလတွေမှာလည်း တဘက်နဲ့ တဘက်  အငြင်းပွားမှုတွေ တွေ့ရတယ်။” “နောက်တစ်ခုကတော့ ကျနော်တို့ ရွေးကောက်ပွဲကာလ မတိုင်ခင်မှာ အန်အယ်လ်ဒီ အမတ်လောင်း သုံးယောက် ထိန်းသိမ်းခံရတာရှိတယ်။ ဒါတွေဟာ ကြည့်မယ်ဆိုရင် တကယ့်ကို ထူးခြားတဲ့ဖြစ်စဉ်ပါ။ နောက်တစ်ခုက ရွေးကောက်ပွဲနေ့မှာဆိုရင်လည်း ကိုဗစ်ကာလနဲ့လျှော်ညီစွာ မဲပေးခွင့်ရဖို့ အားနည်းတာကိုတွေ့ရတယ်။ မဲရုံထဲမှာတော့ ခြောက်ပေအကွာ မဲပေးလို့ရပေမယ့် မဲပေးဖို့စောင့်နေတဲ့လူတွေက ပြည့်ကြပြီးတော့မှ ကိုဗစ်သဘာ၀ဘေး ဥပဒေတွေနဲ့ မလျော်ညီတဲ့ မဲပေးပုံစံတွေကိုလည်း အများကြီးတွေ့ရတယ်။” “ဥပမာ ကြိုတင်မဲတွေက တချို့နေရာတွေမှာဆို တော်တော်များများ ၂၅ ရာခိုင်နှုန်း၊ ၃၅ ရာခိုင်နှုန်းအထိ မဲပေးထားတဲ့အရာတွေ၊ နောက် အသက် ၆၀ အထက် မဲပေးတဲ့အရာတွေမှာ တချို့နိုင်ငံရေးပါတီတွေဆို သူတို့ရဲ့ တံဆိပ်တုံး ရိုက်ထည့်ပြီးသား မဲတွေကို တွေ့ရတာပေါ့။ ဒါမျိုးတွေက ကျနော်တို့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့အရာတွေပါ။ ပြောချင်တာကတော့ ၂၀၁၅ ရွေးကောက်ပွဲလို မလွှမ်းမိုးဘူးလို့ ပြောလို့ရတယ်။ ၂၀၂၀ ရွေးကောက်ပွဲက ရွေးကောက်ပွဲကော်မရှင်ကို သုံးသပ်မယ်ဆိုလည်း ၂၀၁၅ ကော်မရှင်လို ၂၀၂၀ ရဲ့ ရွေးကောက်ပွဲကော်မရှင်က တာ၀န်ယူမှု၊ တာ၀န်ခံမှုတွေမှာ အားနည်းတယ်လို့ ထောက်ပြချင်တယ်။ ဘာကြောင့်လဲဆိုတော့ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ကျနော်တို့ ပြောပြတာတွေ ၊ ဆွေးနွေးတာတွေ ၊အကြံဉာဏ်ပြုတာတွေ တွေ့ဆုံဖို့ တောင်းခဲ့တဲ့အရာတွေ ရှိတယ်။ ဒါပေမဲ့  အဲဒါတွေကို ဥပက္ခာပြုခဲ့တဲ့ ဟာတွေလည်း ရှိခဲ့တယ်။” အခုလိုပြောကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024