မြဝတီချစ်ကြည်ရေးတံတား ၂ ကနေ နေရပ်ပြန်ရန် မြန်မာလုပ်သား ၁၀၀၀ ကျော် စာရင်းသွင်းထား
DVB
·
January 4, 2021
မြဝတီချစ်ကြည်ရေးတံတားအမှတ် ၂ ကနေ နေရပ်ပြန်မယ့် မြန်မာလုပ်သား ၁,၀၀၀ ကျော် ဘန်ကောက်မြို့ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိရုံးမှာ စာရင်းပေးသွင်းထားတယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများအရေး ကူညီနေတဲ့ AAC မဟာမိတ်အဖွဲ့ အထွေထွေတာဝန်ခံ ဦးရဲမင်းက ပြောပါတယ်။
တာ့ပ်ခရိုင်နယ်မြေ ဖြတ်သန်းခွင့် တစ်ပတ်ပိတ်တဲ့ ကန့်သတ်ကာလပြည့်ပြီဖြစ်တဲ့အတွက် ဇန်နဝါရီ ၅ ရက်နေ့မှာ နေရပ်ပြန်ကြဖို့ စာရင်းပေးသွင်း ဆောင်ရွက်ကြတာပါ။
ဇန်နဝါရီ ၃ ရက်နေ့မှာ မဲဆောက်ဒေသက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို နေရပ်ပြန်ခွင့်ပေးခဲ့ပေမဲ့ တာ့ပ်ခရိုင်ပြင်ပက နေရပ်ပြန်တွေကိုတော့ မဲဆောက်နယ်မြေကို ဖြတ်သန်းခွင့်မပြုသေးတာပဲ ဖြစ်ပါတယ်။
မဲဆောက်မှာ ကိုဗစ်ပိုးတွေ့လူနာတွေ တွေ့ရှိလာတဲ့အတွက် ထိုင်းအစိုးရက ခရိုင်ဖြတ်ကျော်ခွင့်ကို တားမြစ်ထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံမှာ တရားဝင်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၁ သိန်းကျော်ဟာလည်း ထိုင်းနိုင်ငံကို ပြန်ဝင်ခွင့်မရဘဲ မြန်မာနိုင်ငံအတွင်းမှာပဲရှိနေပြီး MOU စနစ်နဲ့ သွားရောက်လုပ်ကိုင်မယ့် မြန်မာလုပ်သားတွေ ဝင်ရောက်နိုင်ဖို့ကိုလည်း ထိုင်း-မြန်မာနှစ်နိုင်ငံ ဆွေးနွေးဆဲဖြစ်တယ်လို့ ဦးရဲမင်းက ပြောပါတယ်။
သတင်း - Ei Thazin Khine၊ ဓာတ်ပုံ - ဦးရဲမင်း