Home
Lead Story
လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ခွင့် (အယ်ဒီတာအာဘော်) 
DVB
·
January 4, 2021
မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ ၂၀၂၁ ဇန်နဝါရီ ၄ ရက်နေ့ဆိုလျှင် ၇၃ နှစ်ပင် တိုင်ခဲ့ပြီ။ ဤနေ့ရက်ရောက်တိုင်း လွတ်လပ်ရေးနေ့ကို နိုင်ငံတော်က ဦးဆောင်ကျင်းပခဲ့သည်တို့ရှိသလို ကိုယ့်ဒေသ ကိုယ့်အခြေအနေအလိုက် ရပ်ကွက်ကျေးရွာ၊ ကျောင်းများ အဖွဲ့အစည်းများတွင်လည်း ကိုယ့်အစီအစဉ်အလိုက် ပျော်ပွဲ၊ ရွှင်ပွဲ၊ အားကစားပွဲများ၊ လွတ်လပ်ရေးဆိုင်ရာ ဟောပြောပွဲများလည်း ကျင်းပကြသည်။ နိုင်ငံလွတ်လပ်ရေး (Independence) ကို မြန်မာအဘိဓာန်တွင် ‘တိုင်းတပါး၏ အုပ်စိုးခြင်းမှ လွတ်လပ်မှု’ ဟု ဖွင့်ဆိုခဲ့သည်။ မည်သို့ပင်ဖွင့်ဆိုစေကာမူ ‘အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့် (Sovereignty)’ မရှိဘဲ လွတ်လပ်ရေးမရှိ နိုင်သကဲ့သို့ လွတ်လပ်ရေးမရှိဘဲလည်း အချုပ်အခြာအာဏာပိုင်၍ မရနိုင်။ ထို့ကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာပိုင်ခွင့်တို့သည် သဟဇာတပြု ဆက်စပ်နေသည်။ တခုကိုတခု ‘အညမညပစ္စယ’ ဖြင့် ထောက်ကူနေရပေသည်။ ဤသည်မှာ လွတ်လပ်ရေး၏ အနှစ်သာရတခုပင်။ အချုပ်အခြာအာဏာပိုင်ခွင့်ဆိုသည့်မှာ ‘သတ်မှတ်ချက်အရ နယ်နိမိတ်အချို့ကို ပိုင်ဆိုင်ခွင့်နှင့် ထိန်းချုပ်ခွင့်’ ကို ခေါ်ဆိုခြင်းဖြစ်သည်။ မြန်မာအဘိဓာန်ကမူ ‘နိုင်ငံတနိုင်ငံ၏ အကြီးမြင့်ဆုံးအာဏာ’ ဟူ၍ ဖွင့်ဆိုသည်။ ယင်းအချုပ်အခြာအာဏာပိုင်ခွင့်ကို ‘ရူးဆိုး’ က ‘ပြည်သူလူထုထံ၌ရှိသော အချုပ်အခြာအာဏာသည် အကန့်အသတ်ရှိသော အချုပ်အခြာအာဏာမျိုး မဟုတ်။ အကြွင်းမဲ့ အချုပ်အခြာအာဏာမျိုး ဖြစ်သည်’ ဟု ဆိုခဲ့သည်။  နိုင်ငံတနိုင်ငံ လွတ်လပ်မှုရှိမှသာ အချုပ်အခြာအာဏာပိုင်ခွင့် ရရှိသည်။ ထိုအချုပ်အခြာအာဏာပိုင်ခွင့်ရှိမှသာ ဥပဒေပြုမှု အခွင့်အာဏာ၊ တရားစီရင်ပိုင်ခွင့် အာဏာနှင့် အုပ်ချုပ်မှုအခွင့်အာဏာတို့သို့ စီးဆင်းနိုင်သည်။ ပြည်သူလူထုသည်သာ အကြွင်းမဲ့အချုပ်အခြာအာဏာပိုင် ဖြစ်သည်။ အကြွင်းမဲ့အာဏာပိုင်ခွင့်သည် ပြည်သူ့ထံမှလွဲ၍ မည်သည့် အဖွဲအစည်းထံမှ မတည်ရှိပေ။ ပြည်သူလူထုထံမှ ၂ နှစ်တကြိမ်၊ ၄ နှစ်တကြိမ်သော်လည်းကောင်း ၅ နှစ် တကြိမ်သော်လည်းကောင်း အများသဘောနှင့်အညီ ရွေးချယ်၍ စီမံခန့်ခွဲပိုင်ခွင့် အခွင့်အာဏာကို လွှဲအပ်နိုင်သည်။  အချုပ်အခြာအာဏာ၏ အထက်တွင် မည်သူမျှမရှိရပေ။ အချုပ်အခြာအာဏာကို ပြည်သူ၏ အပ်နှင်းခြင်းမခံရပဲ မည်သူမှ အမွေဆက်ခံခွင့်မရှိပေ။ အမွေဆက်ခံသကဲ့သို့ အခြေခံဥပဒေတရပ်တွင် ရေးဆွဲထားခဲ့လျှင် အဆိုပါ အမွေဆက်ခံသောအဖွဲ့သည် အချုပ်အခြာအာဏာပိုင်ခွင့်၏ အထက်တွင်ရောက်ရှိသည်ဟု မှတ်ယူနိုင်သည်။ သို့ဖြစ်လျှင် အချုပ်အခြာအာဏာသည် တစုံတဦး၏ ထိန်းချုပ်မှုကို ခံနေရသဖြင့် လွတ်လပ်ရေး (Independence) ဟူသော စကားရပ်နှင့်  သဟဇာတမဖြစ်နိုင်တော့။ ထို့ကြောင့် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြည်သူပိုင်သော ‘အချုပ်အခြာအာဏာ’ ကို ပြည်သူမှ ရွေးချယ်အပ်နှင်းခြင်းမရှိဘဲ တဦး၊ တယောက်၊ တဖွဲ့တည်း၏ ချုပ်ကိုင်ထားမှုမှ လွတ်ကင်း၍ လွတ်လပ်ရေး၏ အနှစ်သာရများကို  အကောင်အထည်ဖော်နိုင်ကြပါစေ’ ဟူ၍ ဤလွတ်လပ်ရေးနေ့ အခါသမယတွင် မြန်မာပြည်သူအပေါင်းအတွက် ဆုမွန်ကောင်း တောင်းလိုက်ရပါကြောင်း။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024