Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကို အသွားလာကန့်သတ် လော့ဒေါင်းချ 
နန်းမြနဒီ
·
December 29, 2020
မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ မျက်နှာချင်းဆိုင် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကို ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ရေးအတွက် အသွားအလာ ပိတ်ပင်ကန့်သတ် လော့ဒေါင်းချထားတယ်လို့ မာ့တီချွန်းထိုင်းသတင်းမှာ ဖော်ပြပါတယ်။  ဒေသထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ ပိုများလာမှာစိုးတဲ့အတွက် တာ့ခ်ခရိုင်ဝန် နိုင်း ဖုန်းဆီလတ် ဖိရူမ်းရတ် ညွှန်ကြားချက်နဲ့  နယ်စပ်အစွန် မဲဆောက်မြို့ကို  ၂၀၂၀ ဒီဇင်ဘာ ၂၈ ရက်နေ့ကစပြီး လော့ဒေါင်းချထားတယ်လို့ ဆိုပါတယ်။  လော့ဒေါင်းချတဲ့အစီအစဉ်မှာ တက္ကစီတွေနဲ့ ကိုယ်ပိုင်အငှားယာဉ်တွေ မပြေးဆွဲရ၊  ကားဂိတ်၊ လေဆိပ်နဲ့ ဈေး အပါအဝင် နေရာအသီးသီးက စားသောက်ဆိုင်တွေမှာ ဆိုင်ထိုင်မစားရ၊ ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင် ( မည်သည့်ဘာသာမဆို )  မကျင်းပရ ၊ လူဦးရေ အယောက် ၂၀ ထက်ပိုပြီး မစုဝေးရ စတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီလော့ဒေါင်းချမှုကို လာမယ့်နှစ် ဇန်နဝါရီလ ၃ ရက်နေ့ထိ ကနဦးသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။   မဲဆောက်မြို့မှာ  ကိုဗစ်-၁၉ ကူးစက်ခံရပြီး ဆေးရုံမှာတက်ရောက်ကုသနေသူ ၁၂ ယောက် ရှိတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။   မဲဆောက်မှာ ပြီးခဲတဲ့ရက်ပိုင်းက မြန်မာဘက်ခြမ်းကနေ ကုန်လာချတဲ့ ယာဉ်မောင်း တစ်ယောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိတဲ့နောက် အခုလို မြို့ကိုလော့ ဒေါင်းချလိုက်တာဖြစ်နိုင်ပြီး  စက်ရုံ အလုပ်ရုံတွေကတော့ မပိတ်လို့ အလုပ်သမားတွေ အလုပ်ပုံမှန်ဆင်းနေတယ်လို့ မဲဆောက် အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။  ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားစုစုပေါင်း ၁,၃၈၁ ယောက်ရှိပြီး အများစုမှာ မဟာချိုင်က မြန်မာအလုပ်သမားတွေ ဖြစ်ပါတယ်။ အဲဒီထဲမှာ ဒီကနေ့ နောက်ထပ်တွေ့တဲ့ ၁၁ ယောက် ပါဝင်ပါတယ်။  ထိုင်းတနိုင်ငံလုံးအနေနဲ့တော့ ဒီကနေ့ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၁၅၅ ယောက်ရှိပြီး သေဆုံးသူ တစ်ယောက်ရှိပါတယ်။ ဒီဇင်ဘာ ၂၉ ရက်အထိ ထိုင်းနိုင်ငံမှာ  ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူပေါင်း ၆၄၄၀ ယောက် ရှိသွားပြီဖြစ်ပြီး  ရောဂါပျောက်ကင်းသက်သာလာသူ  ၄၁၈၄  ယောက်နဲ့ သေဆုံးသူ  ၆၁ ယောက် ရှိပါတယ်။  ကိုးကား - https://www.one31.net 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024