Live
Home
မြန်မာသတင်း
တာချီလိတ်နှင့် မိုးကုတ်တွင် ၂ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
December 19, 2020
တာချီလိတ်မြို့နယ်နဲ့ မိုးကုတ်မြို့နယ်တို့မှာ ငွေကျပ် ၂ ဒသမ ၉ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆးဝါးတွေ ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့ နေ့လယ် ၁ နာရီအချိန်မှာ သတင်းအရ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်၊ လွယ်စီတုံကျေးရွာ၊ လောကဓမ္မ ဘုန်းကြီးကျောင်းလမ်းမှာ ယန်းခေါင်ကျေးရွာဘက်မှ လောကဓမ္မကျေးရွာဘက်ကို အားဝေ မောင်းနှင်လာတဲ့ မော်တော်ယာဉ်နဲ့ လီကောင်း(ခ)အားချာ မောင်းနှင်ပြီး အားဂျွေ့ လိုက်ပါလာတဲ့ မော်တော်ယာဉ်တို့ကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းစဉ် လီကောင်း(ခ)အားချာမှာ ယာဉ်ပေါ်ကနေ ခုန်ချထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ အားဝေ နဲ့ အားဂျွေ့ တို့အား ငွေကျပ် ၁ ဘီလီယံတန်ဖိုးရှိ အိုက်စ် ၅၀ ကီလိုနဲ့အတူ မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရအရေးယူထားကြောင်းနဲ့ သိမ်းဆည်းရမိတဲ့ အိုက်စ်မူးယစ်ဆေးတွေအား ကျိုင်းတုံကနေ တာချီလိတ်ကို သယ်ဆောင်လာတာလို့ ဖော်ပြထားပါတယ်။ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာလည်း ဒီဇင်ဘာ ၁၅ ရက်နေ့က ငွေကျပ် ၁.၉ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးမိခဲ့ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၅ နာရီ အချိန်က မိုးကုတ်မြို့နယ်၊ လယ်ကြီးစစ်ဆေးရေးဂိတ်မှာ မိုင်းရယ်ဘက်ကနေ မိုးကုတ်ဘက် ဆန်းကျော်ဦး မောင်းနှင်လာတဲ့ ISUZU ၆ ဘီး ယာဉ်အား ရှာဖွေရာ ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်မှာ အံဝှက်ပြုလုပ်ထားပြီး ထည့်သွင်းသယ်ဆောင်လာတဲ့ ငွေကျပ် ၁ ဒသမ ၉ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူ ၂၇ ဒသမ ၃၅ ကီလိုကို သိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်မောင်းအား စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိတဲ့ ဘိန်းဖြူတွေကို မိုင်းရယ်က မိုးကုတ်ကို တာဝန်ခံသယ်ဆောင်လာတဲ့ ဆန်းမင်းနိုင် မောင်းနှင်ပြီး စိုင်းမင်းသူ လိုက်ပါလာတဲ့ AD VAN အမျိုးအစား မော်တော်ယာဉ်ကိုလည်း ညနေ ၆ နာရီလောက် မိုးကုတ်မြို့၊ ကင်းချောင်းရေတံခွန်ရှေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဆန်းကျော်ဦး၊ ဆန်းမင်းနိုင်၊ စိုင်းမင်းသူတို့အား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်း၊ စိုင်းမင်းသူဟာ စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က စိတ်ကြွရူးသွပ်ဆေးပြား ၂၁၂,၀၀၀ ပြားနဲ့ ဘိန်းဖြူ သုည ဒသမ ၂ ကီလို ဖမ်းဆီးရမိတဲ့အမှုက ဆေးဝါးသယ်ဆောင်သူ ကွင်းဆက်တရားခံပြေးတစ်ဦးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - ရဲဇာနည်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024