စတုဂတ်အသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ့မွန်နည်းပြ ထုတ်ပယ်ခံရ

စနေနေ့ပွဲမှာ တန်းတက်စတုဂတ်အသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ့မွန်အသင်းက နည်းပြ လူစီယန်ဖက်ရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ဒီရှုံးပွဲကြောင့် ဒေါ့မွန်အသင်းဟာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားရဲ့အဆင့် ၅ နေရာ၊ ဇယားထိပ်က အသင်းတွေနဲ့ ၅ မှတ်ကွာ အနေအထားကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒေါ့မွန်အသင်းဟာ ချန်ပီယံလိဂ်မှာ အုပ်စု F ရဲ့ အုပ်စုဗိုလ်အဖြစ် နောက်တဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပေမဲ့ နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၄ မှတ်သာ ရရှိခဲ့ပါတယ်။ အသင်းဘက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ “နည်းပြချုပ် လူစီယန်ဖက်ရီနဲ့ လမ်းခွဲလိုက်ပါပြီ။ သူ့ရဲ့ လုပ်ဆောင်ပေးခဲ့မှုတွေအတွက် ကျေးဇူးတင်နေမှာ ဖြစ်သလို အနာဂတ်မှာ အောင်မြင်ဖို့ကိုလည်း ဆုတောင်းပေးပါတယ်” လို့ ဖော်ပြထားပါတယ်။  လစ်လပ်သွားတဲ့ နည်းပြရာထူးကို လက်ထောက်နည်းပြ ဒီဒင်တာဇစ်က ရာသီကုန်အထိ တာဝန်ယူသွားမယ်လို့လည်း ပါဝင်ပါတယ်။ ဖက်ရီက “ဒီနေရာမှာ လမ်းခွဲရတာဟာ ရှက်ဖို့ကောင်းပါတယ်။ ကျနော်တို့ အောင်မြင်တဲ့ရာသီ ၂ ခုကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဒီနှစ်မှာလည်း အောင်မြင်တဲ့ရာသီ ဖြစ်လာဦးမှာ ဖြစ်ပါတယ်။ ကျနော် ဒါကို ယုံကြည်နေဆဲ ဖြစ်ပါတယ်” လို့  ပြောပါတယ်။  ဒေါ့မွန်အသင်းဘက်က ဒါကို လက်ခံခဲ့ပေမယ့် ဒီလိုလုပ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ ပြောပါတယ်။ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က “ဒီလိုမျိုး ဆုံးဖြတ်ခဲ့ရတာဟာ ကျနော်တို့ အတွက်လည်း ခက်ခဲပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ ဒီရာသီ အောင်မြင်ရေးလမ်းကြောင်းဟာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့အခြေအနေတွေကြောင့် ဒီလိုမျိုး လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်” လို့  ပြောပါတယ်။ ဖက်ရီဟာ ဒေါ့မွန်အသင်းကို ၂၀၁၈ ခုနှစ် နွေရာသီမှာ စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီလုံး အသင်းကို ဘွန်ဒက်စ်လီဂါပြိုင်ပွဲမှာ ဒုတိယရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ၃ ရာသီဆက်တိုက် ၁၆ သင်းအဆင့်ကို တက်ရောက်စေခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၁၉-၂၀ ရာသီမှာ ဒေါ့မွန်အသင်းကို DFB Supercup ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ဒါဟာ ဒေါ့မွန်နည်းပြဘဝ တစ်ခုတည်းသောဆုဖလားလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up