အမျိုးသမီးလုပ်သားများအပေါ်  လိင်ပိုင်းဆိုင်ရာနှောင့်ယှက်အကြမ်းဖက်မှု ပိုများလာ

အမျိုးသမီးအလုပ်သမားတွေဟာ လုပ်ငန်းခွင်မှာရော ပြင်ပမှာပါ  ပုံစံမျိုးစုံနဲ့ လိပ်ပိုင်းဆိုင်ရာ နှောင့်ယှက်အကြမ်းဖက်မှုတွေ ပိုခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လုပ်သား အင်အား ၂၂ သန်းကျော်ရှိတယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး  အဲ့ဒီလုပ်သား အင်အားရဲ့ ထက်ဝက်ကျော်လောက်က အမျိုးသမီး လုပ်သားတွေပါ။ အမျိုးသမီးလုပ်သားတွေဟာ အလုပ်ခွင်အတွင်းနဲ့ အလုပ်ခွင် အသွားအပြန်တွေမှာ  ပုံစံမျိုးစုံနဲ့ လိပ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေနဲ့ကြုံနေရပေမဲ့ ရှက်ကြောက်တဲ့ အခြေအ နေတွေကြောင့်တိုင်ကြားနိုင်တဲ့အခြေအနေမရှိဘဲ အကြမ်းဖက်တာ ပိုခံနေရတယ်လို့ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ဒီဇင်ဘာ ၉ ရက်နေ့ကလုပ်တဲ့ လှုပ်ရှားမှုမှာ  မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်တာ ဝန်ရှိသူကပြောဆိုခဲ့တာပါ။ အထူးသဖြင့်အမျိုးသမီးလုပ်သားတွေအနေနဲ့ မုဒိမ်းမှုကလွဲပြီး ကျန်ဘယ်လိုပုံစံက အကြမ်းဖက်မှုမြောက်ပြီး  တိုင်ကြားနိုင်တယ်ဆိုတာ ကိုတောင် သေချာမသိကြတဲ့အခြေအနေမှာ ရှိနေပါတယ်။ ဒါပေမဲ့ အလုပ်ခွင်အတွင်းမှာတော့ အထက်လူကြီးနိုင်ငံခြားသားတွေ၊ လုပ်ဖော်ကိုင်ဖက်အမျိုးသားတွေက နုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေလုပ်ဆောင်တာတွေ၊ အလုပ်အသွား အပြန်ပြင်ပမှာလည်း စနောက်ခံရတာတွေ၊ ကိုယ်ထိလက်ရောက် လုပ်ဆောင်တာတွေ အပြင်လက်ရှိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကာလမှာ လုယက်ရိုက်နှက်တာတွေကိုပါ လက်တွေ့ကြုံတွေ့နေရတယ်လို့ အမျိုးသမီးလုပ်သားတချို့က ဖွင့်ဟ ပြောပါတယ်။ လက်ရှိ ကိုဗစ်ကပ်ဘေးကာလမှာ အလုပ်အကိုင်ရှားပါးပြီး အလုပ်လက်မဲ့ များလာတဲ့အခြေအနေတွေ၊ စားဝတ်နေရေး အခြေအနေတွေကြောင့် ပြည့်တန်ဆာအလုပ်ခိုင်းစေခြင်းခံရတဲ့ အမျိုးသမီးတွေလည်းရှိလာသလို ပုံစံမျိုးစုံနဲ့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့အမျိုးသမီးတွေအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေကိုမူကြမ်းရေးဆွဲပြီးတဲ့အဆင့်သာရှိ သေးပြီး ဒီဥပဒေထွက်ပေါ်လာဖို့ကလည်း ကြာမြင့်နိုင်ချေရှိနေသလို ကျန်ဥပဒေပိုင်းဆိုင်ရာအရ ကာကွယ်ပေးနိုင်မှုကလည်းအ တော်လေးအားနည်းနေပါသေးတယ်။  ဒါ့ကြောင့် လုပ်ငန်းခွင်မှာ ကျား/မ အခြေပြုတဲ့ အကြမ်းဖက်မှုတွေမရှိအောင်  အကာကွယ်ဖြစ်နိုင်မယ့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့ ပြဋ္ဌာန်းချက် အမှတ်၁၉၀ ကို လိုက်နာကျင့်သုံးလက်မှတ်ရေးထိုးဖို့လိုတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က အစိုးရကို အကြံပြုတိုက်တွန်းထားပါတယ်။ သတင်း-ဇာခြည် ဓာတ်ပုံ- HiBurma

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up