Home
မြန်မာသတင်း
အစိမ်းရောင်နိုဘယ်ဆု (သို့) Goldman ဆု သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်နာယက ပေါလ်စိန်ထွား ရရှိ
DVB
·
December 1, 2020
သံလွင်ငြိမ်းချမ်းရေးဥယျာဉ် တည်ထောင်သူတွေထဲက နာယကတဦးဖြစ်တဲ့ ပေါလ်စိန်ထွားဟာ ၂၀၂၀ ပြည့်နှစ်အတွက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆုတဆုဖြစ်တဲ့ Goldman ဆု ချီးမြှင့်ခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမြို့ အခြေစိုက် Goldman Environmental Foundation က ၁၉၉၀ ပြည့်နှစ်က စတင်ကာ နှစ်စဉ် ချီးရွေးချယ်ချီးမြှင့်တဲ့ ဒီဆုကိုတော့ အစိမ်းရောင်နိုဘယ်ဆုလို့ တင်စားခေါ်ဝေါ်ကြပြီး နိုင်ငံတကာမှာ ထင်ရှားတဲ့ ဆုတဆုလည်း ဖြစ်ပါတယ်။ ဒီဆုကိုတော့ အာဖရိက၊ အာရှ၊ ဥရောပ၊ ကျွန်းတွေနဲ့ ကျွန်းနိုင်ငံများ၊ မြောက်အမေရိက၊ တောင်နဲ့ အလယ်ပိုင်းအမေရိကစတဲ့ ဒေသ ၆ ခုမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သဘာဝသယံဇာတ ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ အရပ်ဘက် လူထုအကျိုးဆောင်ရေး၊ ပတ်ဝန်းကျင်သာယာရေး၊ မြေယာစီမံခန့်ခွဲရေး၊ လူ့အခွင့်အရေး စတဲ့ ကိစ္စရပ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသူတွေကို ဆုရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွက် ဆုရရှိသူတွေကိုတော့ ဆုရွေးချယ်ရေးကော်မတီက မနေ့က ထုတ်ပြန်ကြေငြာလိုက်တာဖြစ်ပြီး ဘဟားမားစ်၊ ဂါနာ၊ အီကွေဒေါ၊ မက္ကဆီကို၊ ပြင် သစ်နဲ့ မြန်မာနိုင်ငံက ပေါလ်စိန်ထွား အပါအဝင် ပုဂ္ဂိုလ် ၆ ယောက်ကို ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ အသက် ၄၇ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပေါလ်စိန်ထွားဟာ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ကြီးပြင်းလာပြီး သူ့ရဲ့ဘဝကို စစ်ပွဲပဋိပက္ခနယ်မြေတွေမှာ လှည့်လည်သွားလာရင်း ကိုယ်ရောစိတ်ပါ ကရင်လူမျိုးတွေအတွက် ဘိုးဘေးဘီဘင်နယ်မြေနဲ့ ထုံးတမ်းစဉ်လာတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ နှစ်မြှုပ်ထားသူတယောက် ဖြစ်ပါ တယ်။ ၂၀၀၁ ခုနှစ်မှာတော့ ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက် (KESAN)ကို သဘာဝပတ်ဝန်းကျင်နဲ့ ကရင်လူမျိုးစုအသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှုကို ကာကွယ်နိုင်ဖို့ တွဲဖက်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ဆုရွေးချယ်ရေးအဖွဲ့ရဲ့ သုံးသပ်ဖော်ပြချက်ထဲမှာတော့ သဘာဝပတ်ဝန်းကျင်နဲ့ ကရင့်ထုံးတမ်းဓလေ့ယဉ်ကျေးမှုနှစ်ရပ်လုံးကို ထိန်းသိမ်းကာကွယ်ဖို့ ကြိုးပမ်းရာမှာ ပေါလ်စိန်ထွားဟာ သူ့လူမျိုးတွေကို ဦးဆောင်ကာ ၁.၃၅ သန်း ဧက အကျယ်အဝန်းရှိတဲ့ သံလွင် ငြိမ်းချမ်းရေးဥယျာဉ်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာမှာ တည်ထောင်နိုင်ခဲ့ကြောင်း၊ အဆိုပါ ဥယျာဉ်ဟာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့ တမူထူးခြားပြီး ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ လူထုအခြေပြုချည်းကပ်မှု နည်းလမ်းတခု ဖြစ်ကြောင်း ဖော်ပြထားခဲ့ပါတယ်။ သံလွင်မြစ်ဝှမ်းဟာ သက်ရှိအမျိုးမျိုး ပူးတွဲတည်ရှိတဲ့ အဓိကကျတဲ့ နယ်မြေဒေသ ဖြစ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှင်သန်တက်ကြွလာစေဖို့အတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းလာတဲ့ ဒေသခံဌာနေ တိုင်းရင်းသား ကရင်လူမျိုးတွေရဲ့ ရှင်သန်ရာ ဇာတိလည်းဖြစ်ကာ ဒီဥယျာဉ်အသစ်က မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့အတွက် အဓိကကျတဲ့ အောင်မြင်မှုတရပ်ကို ကိုယ်စားပြုကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။ ၃၁ ကြိမ်မြောက်ရှိလာပြီဖြစ်တဲ့ Goldman ဆုကို မြန်မာနိုင်ငံသားတွေထဲက ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ဆွတ်ခူးရရှိသူ ၂ ယောက်ရှိခဲ့ပြီး ဖြစ်တာမို့ ပေါလ်စိန်ထွားက တတိယမြောက် ဆုရရှိသူ ဖြစ်လာခဲ့တာပါ။ မြန်မာနိုင်ငံ လူ့အခွင့်အရေး မှတ်တမ်းတွေကြောင့် အနောက်နိုင်ငံတွေက မြန်မာကို အရေးယူ ပိတ်ဆို့ထားမှုတွေလုပ်ဆောင်နေချိန်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကောင်အထည်ဖော်တဲ့ ရေနံနဲ့ သတ္တုတွင်းလုပ်ငန်းတွေကို ဆန့်ကျင်ကန့်ကွက်တဲ့ ကရင်အမျိုးသား စောကဆာဝါက ၁၉၉၉ ခုနှစ်မှာ Goldman ဆုရရှိခဲ့တဲ့ ပထမဆုံး မြန်မာနိုင်ငံသား ဖြစ်လာခဲ့တာပါ။ အဲဒီနောက် မြန်မာနိုင်ငံသားတွေထဲက ဒုတိယမြောက် Goldman ဆုကိုတော့ ဧရာဝတီ မြစ်ဆုံစီမံကိန်း ဆိုင်းငံ့သွားအောင် စည်းရုံးလှုံ့ဆော်ကြိုးပမ်းရာမှာ ပါဝင်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတယောက်ဖြစ်တဲ့ ဦးမြင့်ဇော်ကို ၂၀၁၅ ခုနှစ်အတွက် ဆုရွေးချယ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024