ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ် ၅ ဒသမ ၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ မိုးညှင်းမြို့နယ်မှာလည်း မူးယစ်ဆေးဝါးတွေ ထပ်မံဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ဒီနေ့ညနေ ထုတ်ပြန်ပါတယ်။  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဘိန်းဖြူတွေ သယ်ဆောင်လာကြောင်း သတင်းအရ နိုဝင်ဘာလ ၂၇ ရက်နေ့ ည ၉ နာရီခွဲလောက်က နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးမှာ ကံဌေးမောင်းနှင်ပြီး သိန်းဇော် လိုက်ပါလာတဲ့ CANTER အမျိုးအစား မော်တော်ယာဉ်အား လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၄ နာရီခွဲအချိန်ခန့်လောက်မှာ ပုသိမ်ကြီးမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး မော်တော်ယာဉ်ရပ်တန့်ထားပြီးနောက် ခန့်ဇော်နဲ့ ခွန်ဇော်ထက်တို့ ၂ ဦးရောက်ရှိပြီး မူးယစ်ဆေးဝါးတွေကို လွှဲပြောင်းလက်ခံပြုလုပ်နေစဉ် ထိန်းသိမ်းပြီး ရှာဖွေရာ မော်တော်ယာဉ်ပေါ်ရှိစက္ကူဂျပ်ဖာများအတွင်း ခေါက်ဆွဲခြောက်ထုပ်တွေနဲ့ ဖုံးအုပ်သယ်ဆောင်လာတဲ့ ဘိန်းဖြူ ၈၈ ကီလိုသိမ်းဆည်းရမိခဲ့ပါတယ်။ အဲဒီ မူးယစ်ဆေးဝါးတွေကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့ကို ပို့ဆောင်မှာဖြစ်ကြောင်း ဖော်ထုတ်သိရှိတာကြောင့်  ကွင်းဆက်အရ ညနေ ၆ နာရီအချိန်မှာ မိုးညှင်းမြို့၊ အောင်သပြေ (၁)ရပ်ကွက်၊ အမှတ်(၇/ခ) နေ မူးယစ်ဆေးဝါးလက်ခံမယ့် မအိအိခိုင် (ခ)ဘုတ်ဘုတ်ရဲ့ နေအိမ်အား ဝင်ရောက်ရှဖွေခဲ့တယ်လို့ ဆိုပါတယ်။ နေအိမ်အတွင်း ဘိန်းစိမ်း ၁၇ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ ပြား၊ မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁ စီးတို့နဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။  ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၄ နာရီခွဲအချိန်လောက်မှာ မိုးညှင်းမြို့၊ အောင်သပြေ(၃)ရပ်ကွက်၊ အမှတ်(၇၅)နေ မဝင်းမော်(ခ)မမော်(ခ)မှိုင်းပြာအား ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ကံဌေး၊ သိန်းဇော်(ခ)အောင်အောင်၊ ခန့်ဇော်၊ ခွန်ဇော်ထက်၊ မအိအိခိုင်(ခ)ဘုတ်ဘုတ်၊ မဝင်းမော်(ခ)မမော်(ခ)မှိုင်းပြာနှစ် တို့ကို ဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up