Home
မြန်မာသတင်း
တီအန်အယ်လ်အေနှင့် အစိုးရတပ် ပစ်ခတ်မှုဖြစ်
နန်းမြနဒီ
·
August 14, 2013
ရှမ်းပြည်နယ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက အစိုးရငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ အပစ်ခတ်ရပ်ရေး တွေ့ဆုံဆွေးနွေးခဲ့ပြီး  တပတ်အကြာ  အစိုးရတပ်နဲ့ ပစ်ခတ်မှုတွေ ပြန်ဖြစ်ခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့ မြို့နယ်ထဲမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ တအာင်းလွတ်မြောက်ရေး တပ်မတော်ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်အောင်ကိုက ဒီဗွီဘီကို ပြောပါတယ်။ “ဘာကြောင့်ဖြစ်ရသလဲဆိုတော့ ကျနော်တို့ တီအန်အယ်လ်အေ ကနေပြီးမှ ဒီမူးယစ်ဆေးဝါးတိုက်ဖျက်ရေး အတွက် လိုက်လံစည်းရုံးရေး ဆင်းနေတဲ့အချိန်မှာ ခမရ ၁၇ ကနေပြီး တီအန်အယ်လ်အေ တပ်ဖွဲ့တွေ စည်းရုံးရေး ဆင်းတဲ့ နောက်ကို လိုက်တယ်။ လိုက်ပြီး နှောင့်ယှက်တော့ ကွမ်းစလန်းရွာအထက်နားမှာ သူတို့ နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ကြတယ်။” သြဂုတ် ၇ ရက်နေ့က မိုင်းငေါ့မြို့နယ် ပန်ကွဲဒေသမှာ ခလရ ၁၄၄ အစိုးရ တပ်ရင်းနဲ့ တီအန်အယ်လ်အေဘက်က ဗိုလ်ကြီး တာ့အုပ်တမောင်း ဦးဆောင်တဲ့ တပ်ရင်း ၇၁၇ အဖွဲ့တွေ လမ်းမှာ ထိပ်တိုက်တိုးမိပြီး  ၅ မိနစ်ကြာ ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ ဗိုလ်ကြီး မိုင်အောင်ကိုက ပြောပါတယ်။ သြဂုတ် ၁၂ ရက်နေ့မှာတော့ သူတို့တအာင်းတပ်က  မိုင်းငေါ့မြို့နယ် ကွမ်းစလန်း ရွာဘက်မှာ  လူထုစည်းရုံးရေး၊ မူးယစ်ဆေးဝါးပညာပေး ကွင်းဆင်းလုပ်ဆောင်ရာမှာ ခမရ ၁၇ အစိုးရတပ်ဘက်က အဲဒီဘက်ကို ရောက်လာတဲ့အတွက် မွန်းလွဲ ၂ နာရီခွဲကနေ ၃ နာရီထိ နာရီဝက်ကြာ ပစ်ခတ်ခဲ့ကြောင်း ပြောပါတယ်။ တီအန်အယ်လ်အေ နဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့က ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ တွေ့ဆုံပြီး အပစ်ခတ်ရပ်ရေးအတွက်  ယုံကြည်မှု တည်ဆောက်သွားဖို့ သဘောတူခဲ့ရာက အခုလို ပစ်ခတ်မှုကြောင့်  ဒုတိယ အကြိမ်ပြန်တွေ့ဖို့နဲ့ နှစ်ဘက် ယုံကြည်မှုကို အထိုက်အလျောက် ထိခိုက်စေတယ်လို့ ဗိုလ်ကြီး မိုင်အောင်ကိုက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီကို  စာနဲ့ရေးပြီး အကြောင်းကြားဖို့ ပြင်ဆင်နေတယ်လို့သူက ဆက်ပြောပါတယ်။ ၂၀၀၅ ခုနှစ်က  ထိုင်း-မြန်မာနယ်စပ်မှာ ဖွဲ့စည်းခဲ့တဲ့ တီအန်အယ်လ်အေ တအာင်းလွတ်မြောက်ရေးတပ်မတော်ဟာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးရဲ့ လက်အောက်ခံတပ်ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်မြို့နယ်ထဲမှာ ပြန်လည်လှုပ်ရှားနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024