မြန်မာ့ရွေးကောက်ပွဲ တည်ငြိမ်အောင်မြင်ခဲ့ဟု ကာတာစင်တာ စောင့်ကြည့်အဖွဲ့ ထုတ်ပြန်

ကိုဗစ်ကာလမှာလုပ်ခဲ့တဲ့ ၂၀၂၀ မြန်မာ့ရွေးကောက်ပွဲဟာ တည်ငြိမ်အောင်မြင်ခဲ့ပေမဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ တချို့ဖြစ်ရပ်တွေမှာ ပွင့်လင်းမြင်သာမှုမရှိတာ၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို အချိန်မီ မထုတ်ပြန်တာတွေရှိတယ်လို့ စောင့်ကြည့်လေ့လာတဲ့ ကာတာစင်တာအဖွဲ့က ထုတ်ပြန်ပါတယ်။ မဲဆွယ်ကာလမှာတော့ လူမှုကွန်ရက်ကနေ အမုန်းစကားဖြန့်ချိတာတွေရှိခဲ့တယ်လို့ နိုင်ငံပေါင်း ၁၄ နိုင်ငံကပူးပေါင်းပါဝင်တဲ့ ကာတာစင်တာ၊ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာရေးမစ်ရှင်ကနေ  ၂၀၂၀ မြန်မာရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကနဦး အစီရင်ခံစာအဖြစ် နိုဝင်ဘာ ၁၀ ရက်မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကိုဗစ်ကို စိန်ခေါ်လုပ်ဆောင်ခဲ့တာကို ချီးကျူးလိုက်ပြီး ရွေးကောက်ပွဲအကြိုကာလမှာ အငြင်းပွားတာတွေရှိခဲ့ပေမယ့် ရွေးကောက်ပွဲနေ့မှာ မူမမှန်တဲ့ ကိစ္စကြီးကြီးမားမားနဲ့ ထူးခြားဖြစ်စဉ်တွေမရှိခဲ့ဘူးလို့ စောင့်ကြည့်သူတွေက သတင်းပို့ကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းအများစုဟာ မဲဆွယ်စည်းရုံးဖို့ လူမှုကွန်ရက်ကို ပုံမှန်သုံးခဲ့ကြသလို တိုင်းရင်းသားလူနည်းစုတွေနဲ့ ဘာသာရေးလူနည်းစုတွေကို ဦးတည်တဲ့၊ အမုန်းစကားပြောတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ကြံသတင်း အများအပြားတွေ့ခဲ့ရပြီး အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကိုလည်း အမုန်းစကားတွေနဲ့ နှောင့်ယှက်တိုက်ခိုက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် မဲဆန္ဒရှင် ၉ သိန်းခွဲကျော်ကို မဲစာရင်းမှာ ထပ်ဖြည့်ခဲ့ကြပြီး ပဋိပက္ခတွေ၊ အကြမ်းဖက်တာတွေနဲ့ ခွဲခြားဆက်ဆံတာတွေကြောင့် လူပေါင်း ၂ သန်း လောက် မဲပေးခွင့်မရခဲ့ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကြိုတင်မဲကောက်ယူတာတာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ကောင်းပေမယ့် တသမတ်တည်း မဟုတ်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ပွင့်လင်းမြင်သာမှုအားနည်းတာ တွေရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ကာတာစင်တာက လူတွေ့မေးမြန်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ပုံ ၂ ပုံက မဲဆွယ် စည်းရုံးတာမှာ သာတူညီမျှရှိတယ်လို့ ဖြေခဲ့ကြပြီး ရုပ်မြင်သံကြားနဲ့ ရေဒီကနေ မဲဆွယ် ဟောပြောတာကို ထုတ်လွှင့်ဖို့ကတော့ စာသားတွေကို ဆန်းစစ်သုံးသပ်တာ တင်းကြပ်လွန်း တာကြောင့် ပါတီ ၁၀ ခုလောက်ဟာ မဟောပြောခဲ့ကြပါဘူး။ တချို့နေရာတွေမှာ ရွေးကောက်ပွဲမလုပ်တာကြောင့် တပ်မတော်အနေနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် အရေအတွက်ရဲ့ ၃ ပုံ ၁ ပုံနေရာကိုပဲယူဖို့ အစီရင်ခံစာမှာ တိုက်တွန်းထားပါတယ်။ ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ရဲ့ ဆုံးဖြတ်တာကို အယူခံနိုင်ဖို့နဲ့ ဒီမိုကရေစီနည်းကျဖို့အတွက် ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ ပြင်ဆင်ဖို့လိုအပ်တယ်လို့ အကြံပြုထား ပါတယ်။ ကာတာစင်တာဟာ ကာလရှည်လေ့လာရေးအဖွဲ့ ၁၂ ဖွဲ့ဟာ တိုင်းနဲ့ပြည်နယ် ၈ ခုမှာ စောင့်ကြည့်ခဲ့ပြီး ရွေးကောက်ပွဲနေ့မှာတော့ လေ့လာသူ ၄၃ ယောက်ဟာ တိုင်းနဲ့ပြည်နယ်၁၀ ခုက မဲရုံ ၂၃၄ ရုံကို လေ့လာခဲ့ပါတယ်။       ဓာတ်ပုံ- Carter Center

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up