Homeမြန်မာသတင်း
ရွေးကောက်ပွဲ တည်ငြိမ်၊ စနစ်ကျ၊ အများယုံကြည်မှုရှိစေရန်နှင့် တိုက်ပွဲများရပ်ရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
ရွေးကောက်ပွဲ တည်ငြိမ်၊ စနစ်ကျ၊ အများယုံကြည်မှုရှိစေရန်နှင့် တိုက်ပွဲများရပ်ရန် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်း
DVB
·
November 8, 2020

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၈ ရက်နေ့ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲဟာ တည်ငြိမ်အေးချမ်း၊ စနစ်ကျပြီးအများယုံကြည်ရတဲ့ ရွေးကောက်ပွဲဖြစ်ဖို့နဲ့ တိုက်ပွဲတွေရပ်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က တိုက်တွန်း ပြောပါတယ်။
အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က မြန်မာရွေး ကောက်ပွဲနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါတယ်။
အတွင်းရေးမှူးချုပ်အနေနဲ့ မြန်မာရွေးကောက်ပွဲကို မလွတ်တမ်းစောင့်ကြည့်နေမှာဖြစ် ကြောင်း၊ တည်ငြိမ်အေးချမ်း၊ စနစ်ကျပြီး အများယုံကြည်ရတဲ့ ရွေးကောက်ပွဲဟာ စစ်ဘက်ကို အရပ်ဘက်က ထိန်းချုပ်ရေးအပါအဝင် အားလုံးပါဝင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ လူသားချင်းစာနာမှုဆောင်ရွက်ရေး၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေအတွက် အရေးပါအထောက်ကူဖြစ်စေမယ့် အခွင့်အလန်း ဖြစ်တယ်လို့ဆိုပါတယ်။ ဒါအပြင် ဒုက္ခသည်တွေ ဘေးလုံခြုံ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ရေးအတွက် အကူအညီအထောက်အပံ့ဖြစ်စေမယ်လို့ လည်းဆိုပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအာရုံစိုက်နိုင်ဖို့ နိုင်ငံတဝန်းမှာ အပစ်ရပ်ဖို့လည်း ထပ်မံတောင်းဆိုလိုက်ပြီး မြန်မာနို်ငငံ နေရာအတော်များများမှာ အထူးသဖြင့် ရခိုင်နဲ့ရှမ်းပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားနေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်းနဲ့ ဒီလို တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေတာဟာ အရပ်သားတွေအပေါ် ထိခိုက်နစ်နာမှုတွေ ဆက်လက်ဖြစ်စေတယ်လို့ ဆိုပါတယ်။
လက်နက်ကိုင်ပဋိပက္ခမှာပါဝင်တဲ့ သက်ဆိုင်သူတွေအားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကို လိုက်နာကြဖို့၊ အရပ်သားတွေနဲ့ သူတို့ရဲ့ အဆောက်အအုံတွေကို ကာကွယ်ပေးဖို့၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို ပိတ်ပင်တားဆီးတာမလုပ်ဘဲ လူသားချင်းစာနာမှုအကူအညီတွေပေးခွင့်ပြုဖို့လည်း တောင်းဆိုလိုက်ပါတယ်။
မြန်မာပြည်သူတွေအားလုံးအတွက်ခုလို အရေးကြီးတဲ့ အချိန်မှာ မြန်မာပြည်သူတွေရဲ့ ဘဝတွေ ဂုဏ်သိက္ခာရှိဖို့နဲ့ ငြိမ်းချမ်းဖို့အတွက် ကြိုးပမ်းရာမှာ ကုလသမဂ္ဂအနေနဲ့ ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့ ကုလသမဂ္ဂအကြီးအကဲက ထပ်မံကတိပြုပြောဆိုလိုက်ပါတယ်။
Photo- UN