Home
မြန်မာသတင်း
ပြည်တွင်းကိုဗစ်ကာလ ၇ လပြည့်၊ ကူးစက်ခံရသူ ၄၁,၀၀၀ ကျော်၊ သေဆုံးသူ ၁,၀၀၀ ကျော်လာ
DVB
·
October 23, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံ လုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၀,၀၀၀ ကျော်လာခဲ့ပြီဖြစ်ကာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ပိုးတွေ့လူနာအများဆုံးမြို့နယ် ဖြစ်လာပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ၇ လတင်းတင်း ပြည့်မြောက်ခဲ့ ချိန်မှာ ပိုးတွေ့လူနာ ၄၁,၀၀၈ ယောက်နဲ့ သေဆုံးသူ ၁,၀၀၅ ယောက် ရှိလာခဲ့တာ ဖြစ်ပါတယ်။        တနိုင်ငံလုံး ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ မြောက်ဉက္ကလာပမြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂,၁၈၄ ယောက်ရှိနေပြီး သူ့နောက်မှာတော့ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်နဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေက ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၉၈၆ ယောက်၊ ၁,၉၇၃ ယောက်၊ ၁,၇၇၇ ယောက်၊ ၁,၆၂၁ ယောက်စီ အသီးသီးနဲ့ ထိပ်ဆုံး ၅ မြို့နယ်အနေနဲ့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ တကျော့ပြန်ကူးစက်မှုတွေ စတင်ရာ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာတော့  ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၂၃၀ ယောက် ရှိနေခဲ့တာပါ။ ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၃ သောင်းကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာအများဆုံး ဖြစ်ကာ ဒုတိယနေရာမှာတော့ ရခိုင်ပြည်နယ်က ရှိနေတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံး ကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၁ ဒသမ ၈ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၁ သန်းကျော်နေခဲ့ပြီ ဖြစ်ပါတယ်။        တကျော့ပြန်ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ အာဆီယံနိုင်ငံ တွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအမြင့်ဆုံး အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် တတိယမြောက် သေဆုံးမှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024