Home
မြန်မာသတင်း
ရွေးကောက်ပွဲမကျင်းပသည့် နယ်မြေများကြေညာသည့်အပေါ် UNA ပြင်းထန်စွာ ကန့်ကွက်
DVB
·
October 20, 2020
122007297_645280062839406_2085873720912306496_n
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေ ကြေညာထားတာနဲ့ ပတ်သက်လို့  စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) အဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ကြောင်း အောက်တိုဘာ ၁၉ ရက်က  ထုတ်ပြန်ကြေညာပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်ဟာ ဒီမိုကရေစီစံနှုန်းမြင့်မားပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အထောက်အပံ့မပြုရုံသာမက ပြည်ထောင်စုတိုင်းရင်းသားလူမျိုးတွေကို ခွဲခြားဆက်ဆံတဲ့ သဘော သက်ရောက်နေတယ်လို့ UNA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကော်မရှင်က ကြေညာထားတဲ့   ရွေးကောက်ပွဲကျင်းပနိုင်ခြင်းရှိတဲ့ နယ်မြေတွေထဲမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့  ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နဲ့ ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါပျံ့နှံ့ဖြစ်ပွားမှု မြင့်တက်နေတဲ့ ရန်ကုန်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နိုင်ပေမဲ့ နယ်မြေလုံခြုံရေး မပျက်ယွင်းသလို ကိုဗစ်-၁၉ ရောဂါ စိုးရိမ်စရာမရှိတဲ့ ပြည်နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ မစီစဉ်နိုင်တာဟာ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သမာသမတ်ရှိမှုအပေါ် သင်္ကာမကင်း သံသယပွားစေနိုင်တယ်လို့လည်း ဆိုပါတယ်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဒေသခံပြည်သူတွေရဲ့ သဘောထားရယူခြင်းနဲ့ ဒေသခံတိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ ညှိနိုင်းတိုင်ပင်ခြင်း မရှိပဲ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ နယ်မြေအဖြစ် ကြေညာလိုက်တာကြောင့် ကန့်ကွက်ရတာဖြစ်ပြီး၊ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ရွေးကောက်ပွဲ ရှေ့ရှုကာ အချိန်မီပြန်လည်သုံးသပ်ပြင်ဆင်ပေးဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။ UNA မဟာမိတ်အဖွဲ့ကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊ ကယန်းအမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီနဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ အပါအဝင်  ၁၃ ပါတီနဲ့ ဖွဲ့စည်းထားပါတယ်။ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းထဲက နယ်မြေတချို့မှာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတဲ့အတွက်  ရွေးကောက်ပွဲ ကျင်းပမှာမဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားတာပါ။  ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိဘူးလို့ ထုတ်ပြန်လိုက်တဲ့ မြို့နယ်တွေမှာ ရခိုင်ပြည်နယ်က မြို့နယ် ၉ နဲ့ တခြား မြို့နယ် ၄ မြို့နယ်က ရပ်ကွက်ကျေးရွာ အုပ်စု ၁၅၂ အုပ်စု၊ ကချင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်မှ ကျေးရွာ အုပ်စု ၁၉၂ အုပ်စု၊ ကရင်ပြည်နယ်က မြို့နယ် ၆ မြို့နယ်ရှိ ကျေးရွာအုပ်စု ၅၃ အုပ်စု ပါဝင်နေတာပါ။ ဒါအပြင် ရှမ်းပြည်နယ်က မြို့နယ် ၆ မြို့နယ်နဲ့ တခြားမြို့နယ် ၁၇ ခုမှ ရပ်ကွက်ကျေးရွာ အုက်စု ၁၅၁ အုပ်စုနဲ့ မွန်ပြည်နယ်က ကျေးရွာအုပ်စု ၁ စုနဲ့ ပဲခူးတိုင်းက မြို့နယ် ၂ ခုက ကျေးရွာ အုပ်စု ၄၂ အုပ်စု ပါဝင်နေတာပါ။ ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြန်သုံးသပ်ပြင်ဆင်ပေးဖို့ တိုင်းရင်းသား ၅ ပါတီဖြစ်တဲ့  ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မွန်ညီညွတ်ရေးပါတီတို့ကလည်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တောင်းဆိုထားပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ  သဘာဝဘေးအန္တရာယ်ကြောင့်သော်လည်းကောင်း၊ နယ်မြေလုံခြုံရေးအခြေအနေအရ သော်လည်းကောင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်တွေမှာ ရွေးကောက်ပွဲတွေကို ကျင်းပခြင်းမဘဲ ရွှေ့ဆိုင်းခွင့်ရှိတာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ်တွေရဲ့ နယ်မြေလုံခြုံရေးအခြေအနေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိတဲ့အဖွဲ့အစည်းတွေက ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြ အကြံပြု ရတာဖြစ်ပြီး ဒီအကြံပြုချက်တွေအပေါ် မူတည်ကာ ကော်မရှင်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြတွေကို သတ်မှတ်ဆုံးဖြတ် အတည်ပြု ထုတ်ပြန်ကြေညာရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေတုန်းကလည်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိတဲ့ နယ်မြေတွေကို အလားတူထုတ်ပြန်ကြေညာခဲ့ဖူးပြီး ရွေးကောက်ပွဲ မကျင်းပတဲ့ နယ်မြေတွေအထဲမှာ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကြီးစိုးတဲ့ နယ်မြေတွေ အများစုပါဝင်ပါတယ်။    သတင်း - နန်းစပယ်၊ ဓာတ်ပုံ - UNA office  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024