Homeမြန်မာသတင်း
ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်လူနာကုသနိုင်ရေး လုပ်ငန်းလမ်းညွှန် အမြန်ရေးဆွဲပေးရန် ဝန်ကြီး ပြော
ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ်လူနာကုသနိုင်ရေး လုပ်ငန်းလမ်းညွှန် အမြန်ရေးဆွဲပေးရန် ဝန်ကြီး ပြော
DVB
·
October 17, 2020

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်-၁၉ လူနာတွေ လက်ခံကုသနိုင်ဖို့ ပြီးခဲ့တဲ့လက သဘောတူထားပြီး ရှင်းလင်းပြတ်သားတဲ့ လုပ်ငန်းလမ်းညွှန်တွေကို အမြန်ဆုံး ရေးဆွဲ ဖြန့်ဝေပေးစေလိုတယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
မနေ့က Video Conferencing နဲ့လုပ်တဲ့ ရန်ကုန်တိုင်း ကိုဗစ်-၁၉ ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေ ဆန်းစစ်သုံးသပ်မှု အပတ်စဉ်အစည်းအဝေးမှာ ပြောခဲ့တာပါ။
ကိုဗစ်-၁၉ ရောဂါအပြင် တခြားရောဂါအမျိုးမျိုးအတွက် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေနဲ့ ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလို့ ပုဂ္ဂလိကဆေးရုံတွေ၊ ဆေးခန်းတွေနဲ့ ပေါင်းစပ်လုပ်ကိုင်ဖို့ အားပေးရမယ်လို့ ဝန်ကြီးက ပြောပါတယ်။
ပုဂ္ဂလိကဆေးရုံနဲ့ ဆေးခန်းတွေအတွက် ကိုဗစ်-၁၉ ဆိုင်ရာ ကုသမှုနည်းစနစ် ပုံစံတွေကိုလည်း ဆေးတက္ကသိုလ်တွေနဲ့ ဆေးရုံကြီးတွေက ပါမောက္ခဆရာဝန်ကြီးတွေက ရေးဆွဲပြုစုပြီး ဖြန့်ဝေထားရမယ်လို့ ပြောပါတယ်။
လူနာတွေ သေဆုံးတာလျော့စေဖို့ ကုသပုံနည်းစနစ် အရေးကြီးသလို လူနာတွေကို ရောဂါဖြစ်ပွားမှု အခြေအနေအလိုက် နေရာချထားတာနဲ့ အချိန်မီလွှဲပြောင်းကုသပေးတာတို့ဟာ ထပ်တူထပ်မျှ အရေးကြီးတယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ သေဆုံးလူနာတွေရဲ့ ၉၅ ရာခိုင်နှုန်းဟာ နာတာရှည်အခံ ရောဂါရှိသူများဖြစ်ပြီး အခံရောဂါရှိသူတွေ၊ သက်ကြီးရွယ်အိုတွေအနေနဲ့ ကိုဗစ်-၁၉ သံသယလက္ခဏာ ခံစားရရင် ကျန်းမာရေးဌာနကို ချက်ချင်းအကြောင်းကြား ပြသကြရမယ်လို့ ပြောပါတယ်။
ပြီးတော့ အိမ်မှာပဲနေသူတွေမှာလည်း အိမ်အပြင်ကို အကြောင်းကြောင်းနဲ့ သွားလာရတဲ့ တအိမ်တည်းနေသူတွေဆီကနေ ရောဂါကူးစက်ခံရတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။
ဒီအစည်းအဝေးမှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကျောက်ကပ်ရောဂါ လူနာတွေအတွက် ကျောက်ကပ် သွေးသန့်စင်တာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ စက် ၅ ခု တပ်ဆင်မယ့် အစီအစဉ်၊ ကိုဗစ်-၁၉ လူနာနဲ့ ထိတွေ့ခဲ့သူတွေကို ရှာဖွေ ထောက်လှမ်းရာမှာ လူနာနဲ့ ထိတွေ့ခဲ့သူတွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ အားနည်းနေတာ စတာတွေကို ဆွေးနွေးခဲ့ပါတယ်။
Photo : Myanmaalinn