ချန်ပီယံလိဂ်အုပ်စုအခြေအနေနှင့် စိတ်ဝင်စားဖွယ်အချက်အလက်များ

အခုရာသီချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေအတွက် မဲခွဲမှုကို အောက်တိုဘာ ၁ ရက်က လုပ်ခဲ့ပါတယ်။ မဲခွဲမှုရလဒ်အရ စိတ်ဝင်စားဖွယ်ရာပွဲစဉ်တွေ ထွက်ပေါ်လာမယ့် အုပ်စုအခြေအနေတွေကို မြင်တွေ့ခဲ့ရပါတယ်။   Group A လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာ အက်သလက်တီကို၊ ဆဲလ်ဘတ်၊ လိုကိုမိုးတစ်တို့နဲ့ တွေ့ဆုံနေပါတယ်။  Group B မှာ နာမည်ကြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ အင်တာမီလန်၊ ရှက်တာဒိုးနက်စ်၊  မိုချင်ဂလက်ဘတ်တို့နဲ့ တွေ့ဆုံနေပြီး Group C မှာတော့ မန်စီးတီးအသင်းဟာ ပေါ်တို၊ အိုလံပီယာကော့စ်၊ မာဆေးလ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Group D မှာ လီဗာပူးအသင်းဟာ အေဂျက်၊ အတ္တလန်တာ၊ မစ်ဂျယ်လန်းအသင်းတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။  Group E မှာတော့ ချဲလ်ဆီးအသင်းဟာ ဆီဗီလာ၊ ရင်းနက်စ်၊ ခရက်စနိုဒါတို့နဲ့ တွေ့ဆုံနေပါတယ်။  Group F မှာတော့ ဒေါ့မွန်အသင်းဟာ ဇင်းနစ်၊ လာဇီယို၊ ဘရုဂျက်အသင်းတွေနဲ့ တစ်အုပ်စု တည်းရောက်ရှိနေပြီး Group G မှာတော့ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ၊ ဒိုင်နမိုကိဗ်၊ ဖာရန်ချာရို့စ် အသင်းတို့ တွေ့ဆုံနေပါတယ်။  နောက်ဆုံး  Group ဖြစ်တဲ့ Group H မှာတော့ ယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီ၊ လိုက်ပစ်ဇ်၊ အစ္စတန်ဘူလ်အသင်းတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။  ဒီအုပ်စုရလဒ်အရ စိတ်ဝင်စားစရာအကောင်းဆုံးက Group G ဖြစ်နေပြီး မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတွေမှာ နောက်ထပ်ကြိမ် ထပ်မံအားပြိုင်ရဦးမှာ ဖြစ်ပါတယ်။  လက်ရှိချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းဟာလည်း ခက်ခဲတဲ့အုပ်စုထဲ ရောက်နေတယ်လို့ ယူဆရမှာဖြစ်ပြီး အက်သလက်တီကိုနဲ့ တွေ့ဆုံရမှာဖြစ်ကာ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့လည်း အင်တာမီလန်အသင်းရဲ့ စိန်ခေါ်မှုကို ဖြတ်ကျော်ရမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းတွက်ကတော့ အုပ်စုကြပ်တယ်လို့ သုံးသပ်နိုင်ပြီး ပီအက်စ်ဂျီနဲ့လိုက်ပစ်ဇ်အသင်းတို့ဟာ ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်လာနိုင်ပါတယ်။  မန်စီးတီးအသင်းကတော့ အုပ်စုအချောင်ဆုံး ဖြစ်ပါတယ်။  အုပ်စုပွဲစဉ် မဲခွဲမှုရလဒ်ဟာ ဘယ်သူ့အတွက် အားသာချက်ဖြစ်မလဲ ဘယ်သူ့အတွက် အားနည်းချက်ဖြစ်မလဲဆိုတာကို Goal သတင်းမှာ အခုလို ဖော်ပြထားပါတယ်။  ချဲလ်ဆီးအတွက် အားသာချက် ချဲလ်ဆီးနည်းပြ လမ်းပတ်အတွက် ပထမဆုံးသော ဥရောပပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းကို အရှက်တကွဲ ရှုံးနိမ့်မှုနဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ လမ်းပတ်အတွက် အုပ်စုအဆင့်ဟာ လွယ်ကူမှု ရှိနေတယ်လို့ ပြောနိုင်ပါတယ်။  လမ်းပတ်အတွက် အုပ်စုကနေတက်ဖို့ အလားအလာကောင်းများစွာ ရှိနေပေမဲ့ သူ့အနေနဲ့ ကတော့ ကစားသမားသစ်ခေါ်ယူဖို့ သုံးစွဲထားတဲ့ ပေါင်သန်း ၂၀၀ နဲ့ထိုက်သင့်တဲ့ အောင်မြင်မှုမျိုး ရရှိအောင် စွမ်းဆောင်ပြဖို့ လိုအပ်နေပါတယ်။  ချဲလ်ဆီးရဲ့အုပ်စုထဲမှာ ဆီဗီလာတစ်သင်းတည်းသာ အန္တရာယ်ပေးနိုင်တဲ့ အသင်းအဖြစ်ရှိနေပြီး ရင်းနက်စ်နဲ့ ခရစ်စနိုဒါတို့လို ချန်ပီယံလိဂ်မျက်နှာသစ် အသင်းတွေကိုတော့ လွယ်လွယ်ကူကူနဲ့ ဖြတ်ကျော်နိုင်မယ်လို့ ယူဆရပါတယ်။  ဂွါဒီယိုလာအတွက် အားသာချက် ဂွါဒီယိုလာအတွက် မန်စီးတီးအသင်းနဲ့ယူစရာဆိုလို့ ချန်ပီယံလိဂ်ဖလားပဲ ကျန်ပါတော့တယ်။ ထွက်ပေါ်လာတဲ့ အုပ်စုဇယားအရတော့ ဒီနှစ်ဟာ သူတို့အတွက် အုပ်စုကနေ ကျော်ဖို့ အလားအလာ အကောင်းဆုံးအခြေအနေမှာ ရှိနေပါတယ်။  ပြီးခဲ့တဲ့ ၆ လမှာ မန်စီတီးအသင်းဟာ ချန်ပီယံလိဂ်ကနေ ပိတ်ပင်ခံခဲ့ရပေမဲ့ နောက်ပိုင်းမှာ တော့ ဒီပြစ်ဒဏ်ကို ပယ်ဖျက်နိုင်ခဲ့ပါတယ်။  ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းနဲ့အတူ  ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ရခဲ့ဖူးသူ ဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ အဓိကပစ်မှတ်ဟာလည်း ချန်ပီယံလိဂ်ဖလား  ဖြစ်ပါတယ်။ အသင်းရဲ့အုပ်စုအနေအထားအရ ပေါ်တို၊ အိုလံပီယာကော့စ်တို့နဲ့ အဓိကယှဉ်ပြိုင်ရမှာ ဖြစ်ပြီး  ဂွါဒီယိုရဲ့အသင်းက ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ ဒါပေမဲ့ မာဆေးလ်အသင်းကိုလည်း မေ့ထားလို့မရပါဘူး။ မာဆေးလ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ မန်စီတီးအသင်းကို ထွက်စေခဲ့တဲ့ လိုင်ယွန်အသင်းထက် လီဂူးဝမ်းမှာ အဆင့်ရပ်တည်ချက် ပိုမိုမြင့်မားနေတယ်ဆိုတာကို သတိပြုရပါမယ်။  ဆိုးလ်ရှားအတွက် အဆင်ပြေပါ့မလား ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ သူ့အသင်းကို ၈ နှစ်အတွင်း ပရီးမီးယားလိဂ်မှာ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်းအဖြစ်ပြောင်းလဲရင်း တဖက်မှာလည်း ဥရောပမှာ လူရိုသေ ရှင်ရိုသေ အဆင့်တခုကို ပြန်ရောက်ဖို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။  ဒါပေမဲ့ အုပ်စုမဲခွဲမှုအနေအထားအရ ကံကြမ္မာဟာ သူတို့နဲ့ရှိမနေဘူးလို့ ဆိုရပါမယ်။ ယူနိုက်တက်အတွက် ပြီးခဲ့တဲ့ရာသီ ဗိုလ်လုပွဲရောက်ခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ကွာတားဖိုင်နယ် ရောက်ခဲ့တဲ့ လိုက်ဇ်ပစ်အသင်းတို့ဟာ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်လာဖို့ ရှိပါတယ်။  ဆိုးလ်ရှားဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ပီအက်စ်ဂျီကို ဖြတ်ကျော်ပြီး နောက်တဆင့်ကို ရောက်ရှိခဲ့ဖူးတဲ့ အတွေ့အကြုံတွေရှိခဲ့ပေမဲ့ အခြေအနေတွေ ပြောင်းလဲနေတယ်ဆိုတာကိုတော့ သတိပြုရမှာဖြစ်ပါတယ်။  Group H ကနေ ကျော်လွန်ဖို့ဆိုရင် ဆိုးလ်ရှားဟာ သူ့ရဲ့နည်းပြ အရည်အချင်းကို ပြသသွား ဖို့ လိုအပ်နေပါတယ်။  အေဂျက်ဇ်အတွက် စိန်ခေါ်မှု အခုလက်ရှိ အေဂျက်ဇ်အသင်းရဲ့ လူစာရင်းဟာ ၂၀၁၉ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို ရောက်ရှိခဲ့တဲ့ အသင်းနဲ့ အများကြီး ကွာခြားသွာခဲ့ပါပြီ။ ဒီအခြေအနေမှာ မဲခွဲမှုရလဒ်က သူတို့အတွက် ပိုပြီးခက်ခဲမှုကို ဖြစ်စေခဲ့ပါတယ်။ ဒတ်ချ်အသင်းဟာ ဇီယက်၊ ဗန်ဒီဘိခ်နဲ့ ဆာဂျီနိုဒတ်စ်တို့ကို ဆုံးရှုံးခဲ့ရပြီး သူတို့ရဲ့နာမည်ကျော် အကယ်ဒမီကလည်း ဒီကစားသမားတွေနေရာမှာ အစားထိုးနိုင်မယ့်လူမျိုးကို မမွေးထုတ်ပေးနိုင်သေးပါဘူး။  ဒါ့ကြောင့် အေဂျက်ဇ်အသင်းဟာ အုပ်စုအဆင့်ကနေ ကျော်လွှားနိုင်ဖို့ ရုန်းကန်ရဖွယ်ရှိနေပါတယ်။ သူတို့အတွက်အကြီးမားဆုံးစိန်ခေါ်မှုဟာ လီဗာပူးအသင်း ဖြစ်လာနိုင်ပြီး ပြီးခဲ့တဲ့ရာသီမှာ မထင်မှတ်တာတွေလုပ်ပြခဲ့တဲ့ အတ္တလန္တာအသင်းကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။  ရီးရဲလ်အသင်း ရုန်းကန်ရမှာလား ရီးရဲလ်နည်းပြ ဇီဒန်းဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းနဲ့အတူ ၄ ကြိမ်မြောက်ချန်ပီယံလိဂ်ဖလား ရယူပေးဖို့ အခွင့်အရေးကို ဆုံးရှုံးခဲ့ပါတယ်။ ဒီနှစ်မှာလည်း သူတို့အသင်းဟာ ရှက်တာဒိုးနက်စ်၊ အင်တာမီလန်၊ မိုချန်ဂလာဘတ် စတဲ့ အသင်းတွေနဲ့ အုပ်စုအတွင်း ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။  စပိန်ချန်ပီယံအသင်းဟာ ပြီးခဲ့တဲ့ရာသီ သူတို့ရဲ့ ချန်ပီယံလိဂ် ၈ ပွဲမှာ ၃ ပွဲသာ အနိုင်ရရှိခဲ့ပြီး အိမ်ကွင်း ဘာနေဗျူးမှာ ကစားခဲ့တဲ့ နောက်ဆုံးဥရောပပြိုင်ပွဲ ၆ ပွဲမှာလည်း ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။  ဒီအခြေအနေတွေကြောင့် ရီးရဲလ်အသင်းဟာ ပြိုင်ပွဲကနေ အစောကြီးထွက်ခွာရနိုင်တယ်လို့ မဆိုလိုနိုင်ပေမယ့် ရီးရဲလ်အသင်းအနေနဲ့ နောက်တဆင့်ကို ရောက်ဖို့ ရုန်းကန်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up