Home
မြန်မာသတင်း
ပဲခူးမြို့တွင် အကြွေးသွားတောင်းသည့် အမျိုးသမီး ၁ ဦး ဓားခုတ်ခံရပြီး သေဆုံး
DVB
·
September 30, 2020
ပဲခူးမြို့ ရှင်စောပုရပ်ကွက် ဆိုရှယ်လစ် ၂၃ လမ်းမှာ စက်တင်ဘာ ၂၉ ရက်မနက် ၁၀ နာရီ လောက်က အကြွေးလာတောင်းတဲ့ အမျိုးသမီး ၁ ဦးနဲ့ မျိုးကိုကို(ခ)ငမျိုးတို့ စကားများ ရန်ဖြစ်ရာက အကြွေးလာတောင်းသူ ဒေါ်စန်းစန်းမော်ဆိုသူမှာ ဓားခုတ်ခံရပြီး နေရာမှာတင် ပွဲခြင်းပြီးသေဆုံးသွားခဲ့တယ်လို့ ပဲခူးမြို့မရဲစခန်းမှူး ဒုရဲမှူး နိုင်စိုးကပြောပါတယ်။ သေဆုံးသူ ဒေါ်စန်းစန်းမော်ရဲ့အမျိုးသားက ရှင်စောပုဘုရားလမ်းမှာ ဆိုင်ကယ်အရောင်းဆိုင် ဖွင့်ထားပြီး အခင်းမဖြစ်ခင်  မနက် ၁၀ နာရီလောက်က သေဆုံးသူ ဒေါ်စန်းစန်းမော်က မျိုးကိုကို(ခ)ငမျိုးတို့ အိမ်ကို အကြွေးသွားတောင်းမယ်လို့  သူ့အမျိုးသားဆီကို ဖုန်းဆက်လာတဲ့အတွက် ဒီအချိန်က အကြွေးတောင်းရမယ့်အချိန်မဟုတ်ကြောင်း ပိုက်ဆံမပေးလို ရန်ဖြစ်ရမယ့်အချိန်လည်းမဟုတ်ကြောင်း ဖုန်းထဲကနေ ဖြောင်းဖျခဲ့ပါသေးတယ်။  အဲဒီနောက် စိတ်မချလို့ နောက်တကြိမ်ဖုန်းပြန်ဆက်တဲ့အခါမှာ ဒေါ်စန်းစန်းမော်က အေးလို့ ပြောပြီး နောက်ပိုင်း ပြန်မပြောတော့ပဲ ဖုန်းထဲမှာ နင်သေပြီမှတ်လား နင်သေပြီမှတ်လားဆိုပြီး ဓားနဲ့ခုတ်သံတွေ ကြားတဲ့အတွက် ဆိုရှယ်လစ် ၂၃ လမ်းက မျိုးကိုကို အိမ်ကို လိုက်လာတဲ့အခါ မျိုးကိုကို ရဲ့အိမ်ရှေ့မှာ သေဆုံးနေတာကိုတွေ့ခဲ့ရတာလို့ ယောကျ်ားဖြစ်သူ ဦးနေမျိုးက ရဲစခန်းမှာ ထွက်ဆိုထားပါတယ်။ ဒေသခံတွေရဲ့ပြောစကားအရ အခုသေဆုံးသူအမျိုးသမီးက ဆိုရှယ်လစ်၁၉ လမ်းမှာ နေထိုင်ပြီး အဲဒီပတ်၀န်းကျင်မှာ ငွေတိုးပေးသူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။  အဲဒီနေ့ မနက်ကလည်း မျိုးကိုကို(ခ)ငမျိုးဆီကို အကြွေးသွားတောင်းရင်းနဲ့ စကားများ ရန်ဖြစ်ရာက မျိုးကိုကို(ခ)ငမျိုးက အရိုးအသွား ၃၂ လက်မလောက်ရှိတဲ့ ငှက်ကြီးတောင်ဓါးနဲ့ ၃ ချက် ခုတ်လိုက်တဲ့အတွက် ဒေါ်စန်းစန်းမော်ရဲ ဝဲဘက် နားထင်ကနေ နောက်စိအထိ ၁၀ လက်မ လောက်ရှိတဲ့ ပြက်ရှဒဏ်ရာ ၂ ချက်၊ ဦးခေါင်းထိပ်မှာ ၈ လက်မလောက်ရှိတဲ့ ပြက်ရှဒဏ်ရာ ၁ ချက်ရရှိပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။ ဓားနဲ့ခုတ်သက်ပြီး ထွက်ပြေးသွားခဲ့သူ တရားခံမျိုးကိုကို(ခ)ငမျိုးကိုတော့ ရဲတပ်ဖွဲ့ကနေ နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း - အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024