အဂွဲရိုး ဒူးဒဏ်ရာကြောင့် ၂ လခန့် အနားယူရနိုင်

ဒူးဒဏ်ရာကြောင့် တိုက်စစ်မှူး ဆာဂျီယိုအဂွေရို ၂ လနီးပါး အနားယူရမယ့်အပေါ် မန်စီးတီးနည်းပြ ဂွါဒီယိုလာက စိုးရိမ်နေပါတယ်။ အဂွဲရိုးဟာ ဇွန် ၂၂ ရက်မှာ ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာပါ။ ဒီဒဏ်ရာကြောင့် သူဟာ ပရီးမီးယားလိဂ်ရဲ့အစ ၂ လကိုလွဲချော်တော့မယ့်အခြေအနေမှာ ရှိနေပါတယ်။ ဒီဒဏ်ရာကြောင့် အဂွဲရိုးဟာ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအသင်းရဲ့ ပြည်တွင်း ၁၀ ပွဲအပြင် ချန်ပီယံလိဂ်ပွဲစဉ် ၂ ခုကိုလည်း လွဲချော်ခဲ့ရပါတယ်။ ဒီအခြေအနေမှာ အဂွဲရိုး နိုဝင်ဘာလမတိုင်ပခင် ပြန်လည်ကောင်းမွန်နိုင်ပါ့မလားဆိုတာ မသေချာသေးဘူးလို့ နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ “ဒဏ်ရာပြဿနာတွေက ခက်ခဲပါတယ်။ သူဟာ ကျနော်တို့နဲ့ တစ်ခါမှ လေ့ကျင့်ရေးမဆင်းရသေးပါဘူး။ နောက်ပြီး ဆာဂျီယိုဟာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေးကို လျင်လျင်မြန်မြန် ပြန်ကောင်းမွန်တတ်တဲ့လူလည်း မဟုတ်ပါဘူး။ သူဟာ ကာလရှည် အနားယူနေခဲ့ရပြီး လာမယ့် ၁ လ၊ ၂ လ အတွင်း သူ ပြန်လည်ကောင်းမွန်လာဖို့မျှော်လင့်ပါတယ်။ ” အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဂွဲရိုးဟာ မန်စီးတီးအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ပြီး နိုဝင်ဘာလရောက်မှ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်းနိုင်တော့မယ့် အခြေအနေမှာ ရှိနေပါတယ်။ အဂွဲရိုး အနားယူနေရစဉ်ကာလအတွင်း သူ့နေရာမှာ လူငယ်တိုက်စစ်မှူး ဂါဘရီရယ်ဂျေဆုက အစားထိုး ဝင်ရောက်ကစားခဲ့ပါတယ်။ ဘရာဇီးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီရဲ့ နောက်ဆုံး ၁၂ ပွဲအတွင်း ၅ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။  မန်စီးတီးအသင်းဟာ အခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ ဗလင်စီယာအသင်းက ဖာဟန်တောရက်စ်ကို ခေါ်ယူထားပြီး ဒီကစားသမားဟာ လာမယ့်တနင်္ဂလာနေ့ ဝုဗ်အသင်းနဲ့ပွဲမှာ အသင်းအတွက် ပွဲဦးထွက် ကစားခွင့်ရရှိနိုင်ဖွယ် ရှိပါတယ်။ ဒါပေမဲ့ တောရက်စ်ဟာ နေရာအကျယ်တွေမှာ ကစားလေ့ရှိသူ ဖြစ်တာကြောင့် မန်စီးတီးအသင်းရဲ့ တိုက်စစ်မှာ ဂျေဆုနေရာကို စတားလင်းက ဝင်ရောက်အစားထိုးကစားရဖို့ ရှိပါတယ်။ အသင်းရဲ့ ဝါရင့်ကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗားဟာလည်း ရီးရဲလ်ဆိုစီဒက်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်တကြောင့် နည်းပြဂွါဒီယိုလာဟာ ပရီးမီးယားလိဂ်ရာသီသစ်ကို အားကိုးရတဲ့ ကစားသမားတချို့မရှိဘဲ စတင်ရတော့မှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up