ဖားကန့်တွင် ကိုဗစ်-၁၉ လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိ၊ စုစုပေါင်း ၉ ဦးရှိလာ
DVB
·
September 19, 2020

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်နေ့မနက်က ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄ ဦး ထပ်မံတွေ့ခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၉ ဦးရှိပြီလို့ သိရပါတယ်။
တွေ့ရှိခဲ့တဲ့လူနာသစ် ၄ ဦးဟာ ဖားကန့်မြို့နယ်မှာ ဒုတိယကူးစက်ခံရတဲ့ ပိုးတွေ့လူနာ ၄ ဦးနဲ့ ထိတွေ့ခဲ့သူတွေလို့ ဖားကန့်မြို့ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က အတည်ပြုပြောပါတယ်။
"နောက်တွေ့တဲ့ ပိုးတွေလူနာလေးယောက်နဲ့ ထိတွေ့မိသူတွေထဲက တွေ့တာပါ။။ ပိုးတွေ့လူနာအားလုံး အခြေအနေကောင်းပါတယ် ဘာမှမဖြစ်ပါဘူး။"
ဖားကန့်မြို့နယ်မှာ စက်တင်ဘာ ၉ ရက်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦး၊ ၁၇ ရက်နေ့မှာ ၄ ဦးနဲ့ ၁၉ ရက်နေ့မှာ ၄ ဦး၊ စုစုပေါင်း ပိုးတွေ့လူနာ ၉ ဦးရှိသွားပြီ ဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ စက်တင်ဘာ ၁၉ ရက်နေ့ မနက် ၈ နာရီအထိ ပိုးတွေ့လူနာ စုစုပေါင်း ၁၃ ဦးရှိပြီး ဖားကန်မြို့နယ်က ပိုးတွေ့လူနာ ၉ ဦးနဲ့ အများဆုံး ဖြစ်ပါတယ်။ ကျန်ပိုးတွေ့လူနာ ၄ ဦးကတော့ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော် နဲ့ မိုးကောင်းမြို့တွေက ဖြစ်တယ်လို့ ကချင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနရဲ့ ဒီမနက် ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖားကန့်မြို့နယ်အတွင်း အခုလို ပိုးတွေ့လူနာတွေ စံချိန်တင်တွေ့ရှိနေရတာဟာ ပိုးတွေ့လူနာတွေနဲ့ ထိစပ်သူတချို့နဲ့ ပိုးတွေ့လူနာတွေ နေထိုင်ခဲ့ရာ ပတ်ဝန်းကျင်က ပြည်သူအချို့ဟာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိ တာကြောင့်လို့ သိရပါတယ်။
ဖားကန့်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်မှုဆိုင်ရာ ပံ့ပိုးကူညီရေး ကော်မတီဝင် ဦးသန်းဇော်ကွန်းက "သူတို့က Quarantine ဝင်ဖို့ ခေါ်ရင်လည်း ပြဿနာရှာချင်တဲ့ အမူအယာ တွေနဲ့ဗျ။ တာဝန်ရှိတဲ့လူတွေကို ရန်ရှာချင်တဲ့သဘော။ မနေ့က ၁၅ ယောက်ဝင်ဖို့ ပြောတာ တယောက်က ထွက်ပြေးသွားပြီး တခြားရွာသွားနေတယ်။ တခြားရွာကလည်း Quarantine ဝင်ဖို့ပြောတော့ ပြဿနာရှာပြီး မဝင်ဘူးလို့ ကြားတယ်ဗျ" လို့ ပြောပါတယ်။
ပိုးတွေ့လူနာနဲ့ ထိတွေ့မှုကြောင့် Facility Quarantine ဝင်နေသူတွေဟာ Quarantine စခန်းက ကျန်းမာရေးဝန်ထမ်းတွေကို ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေနဲ့ မထီမဲ့မြင်ပြုတာတွေ လည်း ရှိတယ်လို့ ကျန်းမာရေးသူနာပြု ဆရာမ တစ်ဦးက ပြောပါတယ်။
ဇော်မိုးထက် (ဖားကန့် )