Homeမြန်မာသတင်း
ပြည်ပကတင်သွင်းသည့် လူစီးမော်တော်ယာဉ်များကို ယာဉ်မှတ်ပုံတင်ခ ၅၀ ရာခိုင်နှုန်းထိ လျှော့ချ
ပြည်ပကတင်သွင်းသည့် လူစီးမော်တော်ယာဉ်များကို ယာဉ်မှတ်ပုံတင်ခ ၅၀ ရာခိုင်နှုန်းထိ လျှော့ချ
DVB
·
August 7, 2020

လူစီးမော်တော် ယာဉ်တွေအတွက် မူလတန်ဖိုး(FOB)အပေါ် ကောက်ခံနေတဲ့ ပြည်ပ တင်သွင်းယာဉ်မှတ်ပုံတင်ခ နှုန်းထားတွေကို သြဂုတ် ၇ ရက်ကစတင်ပြီး လျှော့ချ ကောက်ခံမယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။
ဒီလိုလျှော့ချကောက်ခံတာဟာ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာတဲ့ စီးပွားရေးကျဆင်းမှု တွေကို ကုစားတဲ့အနေနဲ့ လက်ရှိနှုန်းထားရဲ့ ထက်ဝက်ရာခိုင်နှုန်းစီကိုလျော့ချ သတ်မှတ်ပေး လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလိုကောက်ခံရာမှာ လူစီးယာဉ်အမျိုးအစားထဲက စက်စွမ်းအား ၁၃၅၀ စီစီ နဲ့ အောက် ကားတွေကို ၃၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း ၊ စက်စွမ်းအား ၁၃၅၁ စီစီ ကနေ၂၀၀၀ စီစီ အထိကို ၅၀ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း လျှော့ချ သတ်မှတ်သွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် စက်စွမ်းအား ၂၀၀၁ စီစီ ကနေ ၅၀၀၀ စီစီ အထိကို ၈၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်း ၊စက်စွမ်းအား ၅၀၀၁ စီစီနဲ့ အထက် ကို ၁၂၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း လျော့ ချသတ်မှတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ဒီလို လျှော့ချပေးလိုက်ခြင်းကြောင့် ကားစျေးနှုန်းတွေအနည်းငယ် ကျဆင်းသွား နိုင်ဖွယ်ရှိတယ်လို့ ကားဝယ်ရောင်းလုပ်ကိုင်သူတွေက သုံးသပ်ထားကြပါတယ်။