သီဟိုဠ်ရှင်ဘုရားကြီးအနီး တွေ့ရှိသည့် မြေအောက်လှိုဏ်ဂူကို ယာယီကန့်သတ်ထား
DVB
·
August 6, 2020

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်ဘုရားကြီးဝန်းအနီး တူးဖော်တွေ့ရှိထားတဲ့ မြေအောက်လှိုဏ်ဂူကို လက်ရှိအချိန်မှာ ကန့်သတ်ထားတယ်လို့ သီဟိုဠ်ရှင်ဘုရားကြီး ဂေါပက အဖွဲ့က ပြောပါတယ်။
“မကွေးရှေးသုအဖွဲ့ကနေ ဘာမှမလုပ်ဖို့မကိုင်ဖို့ ဒီအတိုင်းပဲ ထိန်းသိမ်းထားဖို့ မှာထားလို့ အပေါ်ကအုပ်ထားတာ မိုးရေလည်း မဝင်အောင်လို့ပါ။ ကြည့်ဖို့ကလည်း တစ်ယောက်ပြလိုက်ရင် အများက ဝင်လာရင်မနိုင်ဘူး။ အကာအရံတော့ ကာထားတယ်၊ ခိုင်ခံ့မှုဆိုတာလည်း မှန်းဆလို့မရလို့ပါ” လို့ ဂေါပကအဖွဲ့ ဒုဥက္ကဋ္ဌ ဦးတင်မြင့်က ပြောပါတယ်။
အဲဒီနေရာကို ထိန်းသိမ်းစောင်ရှောက်ဖို့အတွက် ရဲဝန်ထမ်း၊ မီးသတ်နဲ့ ဘုရားကြီး လုံခြုံရေး နှစ်ယောက်စီ စီစဉ်ထားပြီး ဒီလှိုဏ်ဂူ ရှိတာ ဂေါပကအဆက်ဆက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“ခန့်မှန်းလို့တော့လည်း မရနိုင်ဘူး၊ အခုအသက် ၇၀ ရှိပြီ၊ ဂေါပက သက်တမ်းနှစ်ဆက် ၈ နှစ်ရှိပြီ၊ အဲဒီရှေ့က လူတွေလည်း မသိခဲ့ဘူး။”
မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသန ဦးစီးဌာန တိုင်းဦးစီးမှူး ဦးရဲလွင်ကတော့ လတ်တလော မိုးရွာရင် ရေမဝင်အောင် ဘောင်ကိုအုပ်ခဲစီးပြီး အပေါ်က သံဇကာအုပ်ဖို့ ဂေါပကကို မှာထားကြောင်း၊ စတင်တွေ့ရှိတဲ့ သြဂုတ် ၄ ရက်နေ့က ဆင်းစအချိန်မှာပဲ မိုးရွာပြီး မိုးရေတွေဝင်လာလို့ ဆက်မစစ်ဖြစ်သေးဘဲ မိုးလေဝသကင်းစင်တဲ့နေ့ ပြန်စစ်ဆေးမယ်လို့ ပြောပါတယ်။
ရှေးသမိုင်းဝင် သီဟိုဠ်ရှင်ဘုရာကြီးဝင်း ရေသွင်းကန်အရှေ့ဘက်မှာ စည်ပင်က ရေမြောင်း တူးဖော်ရာက လေးကွက်ဆိုင် အခန်း ၄ ခန်းပုံစံ လိုဏ်ဂူတခု သြဂုတ် မနက်ပိုင်း ၉ နာရီခွဲအချိန်ခန့်က တွေရှိခဲ့တာလို့ သိရပါတယ်။
သတင်း - ကိုလင်း(ချောက်)