Home
မြန်မာသတင်း
၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်း
နေဖြိုးဝင်း
·
July 15, 2020
၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို  ဒီကနေ့ ဇူလိုင် ၁၅ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းလင်းက တင်သွင်းလိုက်ပါတယ်။ အရေးယူထိုက်သူကို အရေးယူခံရခြင်းကနေ ကင်းလွတ်ခြင်းမရှိစေဖို့နဲ့ စစ်စည်းကမ်း ထိန်းသိမ်းမှုအတွက် စဉ်းစားသုံးသပ်ပြီး ဖြည့်စွက် ပြင်ဆင်လိုခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းလင်းက “ယနေ့ခေတ်ကာလမှာ တပ်မတော်သားတွေ ပြစ်မှုကျူးလွန်မှုအပေါ် လေ့လာသုံးသပ် တွေ့ရှိချက်တွေအရ တချို့သောတပ်မတော်သားတွေ ကျုးလွန်တဲ့ ပြစ်မှုတွေဟာ ခွင့်မလွှတ်ထိုက်ဘဲ မလွဲမသွေ အရေးယူရမည်ဖြစ်သော်လည်း ပြစ်မှု စတင်ကျုးလွန်ချိန်မှ သိရှိမှုမရှိခဲ့ဘဲ ကာလစည်းကမ်းသတ် ၃ နှစ်ကျော်မှသာ သိရှိရတဲ့အပြင် နယ်ဘက်တရားရုံးကို လွှဲပြောင်းပေးရမယ့် ပြစ်မှုတွေမှာလည်း အကျုံးမဝင်တဲ့အတွက်ကြောင့် အရေးယူခြင်းက ကင်းလွတ်ခဲ့ရတဲ့အခြေအနေတွေ ဖြစ်ပေါ်လာတဲ့အတွက် ဒီပြင်ဆင်တဲ့ဥပဒေကြမ်းကို တင်သွင်းရတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ဒီဥပဒေမှာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းဆိုင်ရာ ကာလစည်းကမ်းသတ်ကာလကို ၃ နှစ် သတ်မှတ်ပြီး ကာလကို ပြစ်မှုစတင်ကျုးလွန်တဲ့နေ့ကနေ စတင်ရေတွက်တာ ဖြစ်ပါတယ်။ စစ်တရားရုံးနဲ့ မစစ်ဆေးနိုင်တဲ့ နယ်ဘက်ပြစ်မှုတွေမှာ တန်းပြည့်စစ်မှုထမ်းချိန် မဟုတ်တဲ့ အချိန်မှာ အရပ်သူ၊ အရပ်သားတွေအပေါ် ကျုးလွန်တဲ့ လူသတ်မှု၊ လူသတ်မှုမမြောက်သော ရာဇဝတ်ပြစ်ဒဏ်ထိုက်သော လူသေမှုနဲ့ မုဒိမ်းမှုတို့ဖြစ်ပြီး ကျန်ပြစ်မှုတွေကို စစ်တရားရုံးနဲ့သာ စစ်ဆေးစီရင်တာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာမြတ်ဉာဏစိုးက “အခုဟာက ကမ္ဘာမှာ အကုန်လုံးက ပြင်ပြီ။ ပြင်ပြီဆိုတာက တချို့ဖြစ်ရပ်တွေက ရုတ်ခြည်း စုံစမ်းစစ်ဆေးပြီး ပေါ်ပေါက်တာမျိုးရှိနိုင်သလို တချို့ကကျတော့လည်း ပြန်ပြီးတော့ စစ်ရာဇဝတ်မှုတွေ ကျုးလွန်တဲ့ဟာကို ပြန်ပြီးဖော်ထုတ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တို့ ဘာတို့ကနေ ဖော်ထုတ်ပြီးတွေ့ရှိတဲ့အခါကျရင် အရေးယူနိုင်အောင်လို့ ဒါက ပိုကောင်းတဲ့၊ နိုင်ငံတကာနဲ့ လျော်ညီတဲ့ ပြင်ဆင်ချက်ပါ။ မဟုတ်ရင် ဘာဖြစ်သွားလည်းဆိုတော့ ကာလသတ် ၃ နှစ်ကျော်သွားရင် ဥပဒေအရ အရေးယူလို့ မရတော့ဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်နေလို့။ ဒါက စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးစနစ်အတွက် ပိုမိုအားကောင်းတဲ့ အချက်ပါ” ပြောပါတယ်။ ဥပဒေရဲ့ မူလပြဋ္ဌာန်းချက် ပုဒ်မ ၁၂၅၊ ပုဒ်မခွဲ(၁) နဲ့ ပုဒ်မခွဲ (၂)မှာ “ပြဋ္ဌာန်းသည့်အတိုင်း မှတစ်ပါး အက်ဥပဒေကို လိုက်နာရသူ တစ်ဦးဦးအား ပြစ်မှုကျူးလွန်သည့်နေ့ရက်မှ ၃ နှစ် ကုန်ဆုံးသည့်အခါ ထိုပြစ်မှုအတွက် စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ခြင်းကို စတင်မပြုလုပ်ရ” လို့ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။ ဒီမူလပြဋ္ဌာန်းချက်ဖြစ်တဲ့ ၃ နှစ်တာကာလကို (က) ပြစ်မှုစတင်ကျူးလွန်သည့်နေ့ရက် (သို့မဟုတ်)၊ (ခ) ပြစ်မှုကျူးလွန်မှုကို ယင်းပြစ်မှုကြောင့် နစ်နာသူ၊ သို့မဟုတ် စတင်အရေးယူနိုင်သော အခွင့်ရအာဏာပိုင် မသိရှိခဲ့သည့်အခါ ထိုနစ်နာသူ၊ သို့မဟုတ် အခွင့်ရအာဏာပိုင်က ပြစ်မှုကျူးလွန်ကြောင်း စတင်သိရှိသည့် နေ့ရက်များအနက်မှ အစောဆုံးနေ့ရက် (သို့မဟုတ်)၊ (ဂ) ပြစ်မှုကျုးလွန်သူ မည်သူဖြစ် ကြောင်းကို မသိရှိခဲ့သည့်အခါ ယင်းပြစ်မှုကြောင့် နစ်နာသူ သို့မဟုတ် စတင်အရေးယူနိုင်သော အခွင့်ရအာဏာပိုင်က မည်သူပြစ်မှု ကျုးလွန်ကြောင်း စတင်သိရှိသည့်နေ့ရက်များအနက်မှ အစောဆုံးနေ့ရက် ဆိုပြီး ပြင်ဆင်ဖို့ တင်သွင်းထားတာ ဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေကို မြန်မာ့ကြည်းတပ်အက်ဥပဒေ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံရေတပ်(စည်းကမ်း) အက်ဥပဒေနဲ့ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလေတပ်(စည်းကမ်း) အက်ဥပဒေတွေကို စုပေါင်းပြီး ရေးဆွဲပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024