နောင်ဘိုကြာကန်သို့ လည်ပတ်သူများနေ၊ လူစုလူဝေးမဖြစ်စေရန် တာဝန်ရှိသူများ သတိပေး
DVB
·
June 29, 2020
တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စု၊ လူရိုးတောင်ရွာမှာရှိတဲ့ နောင်ဘိုကြာကန်ကို အခုတလော လာရောက်လည်ပတ်သူတွေ အလွန်များပြားနေပြီး လူစုလူဝေးမဖြစ်စေဖို့ တာဝန်ရှိသူတွေက သတိပေးနေတယ်လို့ သိရပါတယ်။
ကိုဗစ်-၁၉ ကြောင့် အိမ်မှာနေတာကြာပြီး စိတ်ထွက်ပေါက်အနေနဲ့ ကန်မှာရှိတဲ့ ကြာပွင့်တွေနဲ့ ဓာတ်ပုံရိုက် လှေစီး စသဖြင့် လည်ပတ်နေကြတာဖြစ်ပါတယ်။
နယ်ပေါင်းစုံ က လာရောက်လည်ပတ်သူတွေ တရက်ကို ၈၀၀ ဝန်းကျင်ရှိနေတဲ့အတွက် လူစုလူဝေးမဖြစ်ဖို့ ဒေသခံတာဝန်ရှိသူက စောင့်ကြပ် သတိပေးမှုတွေလည်း ပြုလုပ်ပေးနေပါတယ်။
ဒီနောင်ဘိုကန်မှာ ခရီးသည်လာရောက်လည်ပတ်သူတွေ များပြားတဲ့အတွက် ဒေသခံတွေက ဝင်ငွေရရှိပြီး အလုပ်အကိုင် အခွင့်အလမ်း ဖြစ်စေခဲ့ပါတယ်။
ဒါပေမယ့် လာရောက်လည်ပတ်သူတွေဟာ ကျန်းမာရေး ကာကွယ်ရေးစည်းကမ်းဖြစ်တဲ့ mask တပ်တာ၊ တယောက်နဲ့ တယောက် ခပ်ခွာခွာနေဖို့ စတာတွေ လိုက်နာမှု အားနည်းနေတာ ကို တွေ့မြင်နေရပါတယ်။
ဒေသခံတွေက နေ့စားအလုပ်တွေ၊ ငါးဖမ်းခြင်းအလုပ်တွေ လုပ်နေရာမှ ခရီးသည်ကို စက်လှေနဲ့မောင်းပို့ခြင်း အလုပ်ကို လုပ်ကိုင်လာကြပါတယ်။
နောင်ဘိုကန်မှာရှိတဲ့ ကြာပန်းတွေဟာ အရမ်းလှပတဲ့အတွက် လာရောက်လည်ပတ်သူတိုင်း စိတ်အပန်းဖြေနိုင်ကြပါတယ်။
ဒီကြာကန်က နှစ်စဉ်ပွင့်နေပေမယ့် လူသိမများဘဲ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်ကျော်က တောင်ကြီးမြို့ပေါ်က ဓာတ်ပုံဆရာတွေ၊ ခရီးသွားသူတွေက ပုံတွေရိုက်ပြီးလူမှုစာမျက်နှာမှာ တင်လိုက်တဲ့အတွက် လူသိများပြီး လာရောက်လည်ပတ်သူနဲ့ စည်ကားလာတာဖြစ်ပါတယ်။
ခွန်ရာဇာ