Home
မြန်မာသတင်း
၆ ရက်ကြာ ပျောက်ဆုံးနေသည့် မြန်မာအလုပ်သမ ၁ ဦးအား တောထဲတွင် သေဆုံးလျက်တွေ့
DVB
·
June 22, 2020
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၊ ချင်းရိုင်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၆ ရက်လောက်က ပျောက်ဆုံးသွားတဲ့ အသက် ၂၀ ကျော်ရွယ် မြန်မာအလုပ်သမ ၁ ဦးကို  ဇွန် ၂၁ ရက် ညနေပိုင်းက တောထဲမှာ အလောင်းအနေနဲ့ ပြန်တွေ့ခဲ့ပါတယ်။ မကွေးတိုင်း နတ်မောက်မြို့ကနေ၊ ချင်းရိုင်းခရိုင် ဝိန်းချိုင်းမြို မုန့်ဖတ်စက်ရုံတခုမှာ အလုပ်လုပ်နေတဲ့ မတင်မာစိုး (၂၁ နှစ်) ဆိုသူမှာ ချင်းရိုင်းမြို့နယ်၊ ဘူးလော့ လက်ဖက်ခြံရှိ အမျိုးတွေဆီ လာလည်ရင်း ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့ကတော့ ပြန်မယ်ဆိုပြီး အိမ်ကနေ ထွက်သွားတာ အဆက်အသွယ်မရတော့လို့  လိုက်လံရှာဖွေခဲ့ကြရာမှ လက်ဖက်ခြံအနီး တောထဲက ကျောက်တောင်အနီးမှာ အလောင်းအနေနဲ့ ပြန်တွေ့ခဲ့တာလို့ ဆွေမျိုးဖြစ်သူ ကိုဇော်ဇော်က ဒီဗွီဘီကို ပြောပါတယ်။  “ကျနော်တို့နဲ့ ရွာသားတွေ အပုပ်နံ့ရတဲ့နောက် လိုက်ရှာရင်းနဲ့ သွားတွေ့တာပါ။ အဲဒီနေရာ နားမှာ အရင်ရက်တွေကလည်း ရှာသေးတယ် မတွေ့ဘူး။ အနံ့က ကားလမ်းထိတောင်ရောက်တယ်၊  အနံ့အတိုင်းလိုက်တာ ၂ ယောက်က တောင်ပေါ်တက်ရှာတယ်၊ သူ့ကိုတွေ့တဲ့နေရာက တော်တော်မြင့်တယ်ခင်ဗျ။ ကျနော်တို့ ယောကျ်ားသားတွေတက်တာတောင် တော်တော်မောတယ် ၊ လုံးဝ မထင်မှတ်တဲ့နေရာမှာ၊ ကျောက်တောင်ခြေမှာ ဆွဲကြိုးချတဲ့ပုံစံမျိုးနဲ့ သံကြိုးကို လည်ပင်းစွပ်ပြီး ပက်လက်အနေအထားနဲ့ သေနေတာ။” သေဆုံးသူရဲ့ လည်ပင်းက ငါးမူးသားအလေးချိန်ရှိ ရွှေဆွဲကြိုးလည်း ပျောက်ဆုံးနေကြောင်း၊ သူမ အိမ်ကနေထွက်သွားတော့ လက်ကိုင်ဖုံးလည်း ပါမသွားသလို ပိုက်ဆံအိတ်လည်း ပါမသွားဘဲ ခြေလျင်ထွက်သွားတာလို့ ဆိုပါတယ်။  သူမဟာ လမ်းမကြီးပေါ်ထွက်ပြီး လိုင်းကားစီးပြန်ရမှာဖြစ်ကြောင်း၊ လမ်းမကြီးဟာ သူလာ တည်းတဲ့နေရာနဲ့ သိပ်မဝေးဘဲ ဘာကြောင့် တောထဲရောက်နေတယ်ဆိုတာ ဆွေမျိုးတွေလည်း စဉ်းစားမရဘူးလို့ ဆိုပါတယ်။  သူ့ရဲ့အလောင်းကို ချင်းရိုင်းက တွဲလက်ပရဟိတအသင်းနဲ့ ချင်းရိုင်းရဲတပ်ဖွဲ့က ချင်းရိုင်း ဆေးရုံကို သယ်ဆောင်သွားပြီး အလောင်းကို စစ်ဆေးနေတယ်လို့ ကိုဇော်ဇော်က ဆိုပါတယ်။ သေဆုံးသူ မတင်မာစိုးမှာ ထိုင်းနိုင်ငံကို ရောက်လာတာ ၄ နှစ်ခန့်ရှိပြီဖြစ်ပြီး အိမ်ထောင်မရှိ၊ ချစ်သူရည်းစားမရှိဘဲ ဘယ်သူနဲ့မှ ပြဿနာရှိတာ၊ ရန်ဖြစ်တာတွေ မရှိခဲ့ဘူးကြောင်း၊ သူပျောက်မသွားခင်ရှေ့ကတော့ ကျန်းမာရေးသိပ်မကောင်းလို့ လက်ဖက်ခြံမှရှိတဲ့ ဆွေမျိုးဆီ စိတ်ပြေလက်ပျောက် အလည်လာနေရင်း ခုလိုဖြစ်သွားတာလို့ ဆိုပါတယ်။  မတင်မာစိုး သေဆုံးမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အမှန်တရားကို ဖော်ထုတ်ပေးမယ်လို့ ဆွေမျိုးနဲ့ လုပ်ဖော်ကိုင်ဘက်တွေ မျှော်လင့်နေကြပါတယ်။  ချင်းရိုင်းမြို့နယ် ဘူးလော့လက်ဖက်ခြံမှာ မြန်မာအလုပ်သမား ၁၀၀ နီးပါး ဝင်ရောက်လုပ်ကိုင်နေကြပြီး အားလုံးနီးပါးဟာ မကွေးတိုင်း နတ်မောက်ဘက်က လာကြတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024