Homeမြန်မာသတင်း
ကိုဗစ်ကာလ ဘုရားဖူးမရှိသဖြင့် ပုပ္ပါးတောင်ရှိ မျောက်များကို ၁ လ ကျပ် ၇ သိန်းဖိုး အစားကျွေးနေရ
ကိုဗစ်ကာလ ဘုရားဖူးမရှိသဖြင့် ပုပ္ပါးတောင်ရှိ မျောက်များကို ၁ လ ကျပ် ၇ သိန်းဖိုး အစားကျွေးနေရ
DVB
·
June 6, 2020
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးတောင်ကလပ်မှ မျောက်တွေ ကိုဗစ်ကာလ ဘုရားဖူးလာရောက်မှု မရှိတာကြောင့် ဂေါပကအဖွဲ့က ၁ လကို ငွေကျပ် ၇ သိန်းဖိုးအထိ မျောက်စာ ဝယ်ယူ ကျွေးမွေးနေရတယ်လို့ ပုပ္ပါးတောင်ကလပ် ဂေါပကအဖွဲ့က ပြောပါတယ်။
“ဘုရားဖူးကာလမှာ ဘုရားဖူးတွေကျွေးတော့ ကျွေးရတာနည်းတယ်။ အရင်နှစ်တွေ ဘုရားဖူး ပါးတဲ့ကာလ ကဆုန်၊ နယုန်၊ ဝါဆိုတွေဆို ဂေါပက ကျွေးရတယ်ဆိုပေမယ့် အခုက ဘုရားဖူးက လုံးလုံးမရှိတော့ ပြီးခဲ့တဲ့လက မျောက်စာဖိုး ၇ သိန်းကုန်တယ်၊ တခါဝယ်ရင် ကုလားပဲအိတ် နှစ်ဆယ်၊ သုံးဆယ်၊ ပြောင်းဖူးစေ့ သုံးဆယ် ဝယ်ထားပြီးကျွေးရတယ်” လို့ ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးဌေးမြင့်က ပြောပါတယ်။
ပုပ္ပါးတောင်ကလပ်ကို ကိုဗစ်-၁၉ ကာလ မပိတ်ထားပေမဲ့ တောင်ကလပ်ပေါ် တက်လိုပါက ၇၂ နာရီအတွင်း ကျန်းမာရေး ကောင်းမွန်ကြောင်း စစ်ဆေးချက် ထောက်ခံချက်ပါမှသာ တက်ရောက်ခွင့်ပြုထားတာကြောင့် ဘုရားဖူးလာရောက်မှုမရှိဘူးလို့ သိရပါတယ်။
ပုပ္ပါးတောင်ကလပ်ကို အမှီပြုနေထိုင်တဲ့ မျောက်ကောင်ရေ ၃၅၀၀ ဝန်းကျင်ရှိပြီး ၁ ရက်ကို မျောက်စာ ပြောင်းဖူးစေ့၊ ကုလားပဲအိတ် ၂ အိတ်ကျွေးရကြောင်း ၁ လ ခြောက်သိန်းခွဲ ခုနစ်သိန်း ပုံမှန် ကုန်ကျမှုရှိတယ်လို့ သိရပါတယ်။
ပုပ္ပါးတောင်ကလပ်နဲ့ ထိစပ်ဒေသက စေတနာအလှူရှင်အချို့လည်း ငှက်ပျောသီး၊ သင်္ဘောသီး စတာတွေကို တောင်ခြေမှာ လာရောက်ကျွေးမွေးတာမျိုးရှိနေပြီး နယ်ဝေးမှ ကုသိုလ်ပြုလိုပါက ဂေါပကအဖွဲ့ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)