ကိုဗစ်-၁၉ ရန်ပုံငွေအတွက် ဟောလိဝုဒ်မင်းသမီး ဂျနီဖာအနစ္စတန်၏ ကိုယ်လုံးတီးဓာတ်ပုံ လေလံတင်

လတ်တလော ကမ္ဘာ့ကပ်ရောဂါတခုဖြစ်နေတဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးရန်ပုံငွေအတွက် လေလံတင်ရောင်းချမယ့် ဝါရင့်ဓာတ်ပုံဆရာ မာ့ခ်ဆယ်လီဂါရဲ့လက်ရာ ဓာတ်ပုံတွေထဲမှာ ဟောလိဝုဒ် သရုပ်ဆောင်မင်းသမီး ဂျနီဖာအနစ္စတန်ရဲ့ ရှားပါးဓာတ်ပုံတပုံလည်း ပါဝင်နေပါတယ်။ ဒီဓာတ်ပုံကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် ၁၉၉၀ ပြည့်လွန်ကာလက သူနဲ့ ကာလရှည်ကြာ လက်တွဲအလုပ်လုပ်ခဲ့တဲ့ မာ့ခ်ဆယ်လီဂါရဲ့ လက်ရာ ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ်က အဖြူအမည်းဓာတ်ပုံတပုံအနေနဲ့ ရိုက်ကူးခဲ့တဲ့ ဒီဓာတ်ပုံထဲမှာတော့ မင်းသမီးရဲ့ တခေတ်တခါက ကျော်ကြားခဲ့တဲ့ “ရေချယ်ဆံပင်ပုံစံ”နဲ့ ကိုယ်လုံးတီး အနေအထားနဲ့ လှလှပပ ရိုက်ကူးထားခဲ့တာကို တွေ့ရပါတယ်။ အသက် ၅၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မင်းသမီးကြီး ဂျနီဖာအနစ္စတန်ဟာ အမေရိကန် သရုပ်ဆောင် မင်းသား မင်းသမီး စုံတွဲဖြစ်တဲ့ John Aniston နဲ့ Nancy Dow တို့ရဲ့ ရင်သွေးဖြစ်ပြီး ကလေးဘဝကတည်းက အနုပညာလှုပ်ရှားမှုတွေ စတင်လုပ်ဆောင်ခဲ့တာပါ။ ၂၀၀၀ ပြည့်နှစ်မှာတော့ ဟောလိဝုဒ်သရုပ်ဆောင်မင်းသား ဘရက်ပစ်နဲ့ လက်ထပ်ခဲ့ပြီး ၅ နှစ်အကြာမှာတော့ ကွာရှင်းပြတ်စဲခဲ့ကာ အချိန် ၁၀ နှစ်အကြာ ၂၀၁၅ ခုနှစ်မှာတော့ မင်းသား ဂျပ်စတင်သီရော့စ်နဲ့ လက်တွဲခဲ့ကာ ၂၀၁၇ ခုနှစ်မှာ လမ်းခွဲခဲ့တာပါ။ ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂျနီဖာအနစ္စတန်ဟာ ၁၉၉၄ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ NBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Friends ရုပ်သံဇာတ်လမ်းနဲ့ နာမည်ကြီးပြီး အဲဒီရုပ်သံဇာတ်လမ်းနဲ့ပဲ အော်စကာ ထူးချွန်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီဇာတ်လမ်းထဲက ဇာတ်ကောင်မိန်းကလေး Rachel Green ရဲ့ လွှမ်းမိုးမှုဟာ အဲဒီခေတ်အခါက ရေချယ်ဆံပင်ပုံစံလို့ ဆိုရတဲ့အထိ ထင်ရှားခဲ့တာဖြစ်ပြီး ခုလေလံတင် ရောင်းချမယ့်ပုံထဲမှာ အဲဒီဆံပင်ပုံစံကို တကျေိာ့ပြန် ရှုစားကြရမှာပါ။ ဒီအကြောင်းကို ဂျနီဖာ အနစ္စတန်က သူ့ရဲ့အင်စတာဂရမ်စာမျက်နှာပေါ်မှတဆင့် ရုပ်သံဗွီဒီယိုဖိုင်တခုနဲ့ မျှဝေထားခဲ့ပြီး အဲဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လေလံတင်ရောင်းချမယ့် ဓာတ်ပုံရိုက်ကူးမှုနောက်ကွယ်က အခြေအနေပုံရိပ်တွေ ပါဝင်နေခဲ့တာ ဖြစ်ပါ တယ်။ ဝါရင့်ဓာတ်ပုံဆရာ မာ့ခ်ဆယ်လီဂါရဲ့ ကိုဗစ်-၁၉ ရန်ပုံငွေ လေလံတင်ရောင်းချသွားမယ့် ဓာတ်ပုံတွေထဲမှာတော့ တခြားသော ဟောလိဝုဒ်အကျော်အမော်တွေဖြစ်ကြတဲ့ သရုပ်ဆောင်မင်းသား ဘရက်ပစ်၊ လီယိုနာဒို ဒီကာပရီယို၊ နာမည်ကြီးရော့ခ်တေးဂီတအဖွဲ့ U2၊ လတ်တလောနာမည်ကြီးနေတဲ့ ဆယ်ကျော်သက် အဆိုတော် ဘီလီအိုင်းလစ်ရှ်တို့ရဲ့ ဓာတ်ပုံတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up