ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ တတပ်တအား ပါဝင်လှူဒါန်းခဲ့သည့် ဖိုးသော်

ONE Championship ပြိုင်ပွဲဝင်  ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမား  ဖိုးသော်ဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေကို  နှစ်ကြိမ်သွားရောက်လှူဒါန်းခဲ့ပါတယ်။  ဖိုးသော်နဲ့ သူ့ရဲ့ သူငယ်ချင်းမိတ်ဆွေတွေဟာ မေလ ၂၂ ရက်က မြောက်ဥက္ကလာဆေးရုံကြီးနဲ့ ဗဟန်းဒေသန္တရကျန်းမာရေးဌာနမှာ  Quarantine  စေတနာ့ဝန်ထမ်းတွေအတွက် Surgical Gown ဝတ်စုံ အထည် ၁၀၀ စီနဲ့ နှာခေါင်းစည်း ၁၅၀ ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ ခုလို လှူဒါန်းတာနဲ့ ပတ်သက်ပြီး ဖိုးသော်က “ကျနော်တို့က အလှူတခုကို စေတနာအရင်းခံပြီး တကယ့်ကိုစာနာစိတ်နဲ့ကြိုးစားပြီး လုပ်ကြတာပါ။ ကျနော်တို့မှာ ပိုက်ဆံက မပိုလျှံပါဘူး။ အားလုံး အခက်အခဲဖြစ်နေသလို ကျနော်တို့လည်း ရုန်းကန်နေကြရတာပါပဲ။ ဒါပေမဲ့ ကျနော်တို့က အခြေအနေတစ်ခုမှာ ဟန်မပျက်တောင့်ခံနိုင်ပါသေးတယ်။ ဒါကြောင့် ကျနော်တို့ထက် ပိုပြီးခက်ခဲနေတဲ့သူတွေ၊ တကယ်လိုအပ်နေတဲ့နေရာတွေကို လှူပေးချင်တာပါ။ ကျနော်တို့လည်း တဦး တယောက်တည်းနဲ့ အများကြီးမလှူနိုင်သေးပါဘူး။ ဒါပေမဲ့ ကိုယ်တတ်နိုင်သလောက်နဲ့ စေတနာရှင်တွေကို စုစည်းလိုက်တဲ့အတွက် ထိထိရောက်ရောက်လှူနိုင်ခဲ့တာပါ။ အခုဖြစ်နေတဲ့ကပ်ရောဂါက အားလုံးနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အတွက် အမြန်ဆုံးပြီးဆုံးသွားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ကျနော် တစ်ထောင့်တစ်နေရာကနေ ဘာကူညီနိုင်မလဲဆိုတာ အမြဲစဉ်းစားဖြစ်ခဲ့တယ်။ တခြားစေတနာရှင်တွေကိုလည်း လှုံ့ဆော်ပြီး လှူနိုင်မယ့်အခွင့်အ ရေးတွေပေးခဲ့ပါတယ်။”လို့ပြောပါတယ်။ ဧပြီလ ၁၆ ရက်ကလည်း မြောက်ဥက္ကလာဆေးရုံကြီးက ကျန်းမာရေးဝန်ထမ်းတွေအတွက် မြန်မာငွေ ကျပ် ၁၆၃၀၀၀၀ တန်ဖိုးရှိတဲ့ PPE ဝတ်စုံ အထည် ၆၀ အပြင် အခြားလိုအပ်တဲ့အသုံးအဆောင်တွေ၊ အစားအသောက်တွေကို လှူဒါန်းခဲ့ပြီး နောက်ထပ် လှူဒါန်းနိုင်ဖို့ ကြိုးစားနေသလို ကပ်ရောဂါဆိုးကြီးကနေ ကျော်လွှားနိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကြဖို့လည်း ဖိုးသော်က တိုက်တွန်းလိုက်ပါတယ်။ “ကျနော်တို့က ပရိသတ်အားပေးမှုရှိတဲ့ အားကစားသမားတယောက်ဖြစ်တာကြောင့် Social Influencer တယောက်အနေနဲ့ရော၊ ပရော်ဖက်ရှင်နယ် အားကစားသမားတယောက်အနေနဲ့ပါ ကိုယ်တတ်နိုင်တဲ့ကဏ္ဍကနေ အားလုံးကိုလှုံ့ဆော်ပေးပြီး လှူဒါန်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဓိကကတော့ ကျနော်တို့နောက်ကွယ်က အလှူရှင်တွေက ရက်ရက်ရောရော လှူပေးခဲ့ကြလို့ပါပဲ။ အလှူအတွက် အရမ်းကို ပီတိဖြစ်ရပါတယ်။ နောက်ထပ် ဒီထက်ပိုလှူနိုင်ဖို့လည်း ကြိုးစားနေပါတယ်။ အားလုံးကိုလည်း ကျနော်တို့နဲ့အတူ မျှဝေပြီး ကုသိုလ်ယူဖို့၊ ဒီအခြေအနေဆိုးကနေ အမြန်ဆုံးကျော်လွှားနိုင်ဖို့ တတ်နိုင်သလောက် ပူးပေါင်းပါဝင်ကြစေလိုပါတယ်” လို့ ဖိုးသော်က ပြောပါတယ်။ ရန်ကုန်ဇာတိ “ဘူရှီးဒိုး” ဖိုးသော်ဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့ ONE Championship မှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေတဲ့  အနည်းငယ်သော အားကစားသမားတွေထဲက  တယောက်အပါအဝင် ဖြစ်ပါတယ်။  အသက် ၃၅ နှစ်အရွယ် ဖိုးသော်ဟာ Team PT ကိုလည်း တည်ထောင်ထားပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားကို စိတ်ပါဝင်စားသူ လူငယ်မျိုးဆက်သစ်လေးတွေကို ပြုစုပျိုးထောင်ပေးနေတဲ့ သင်တန်းနည်းပြဆရာတယောက်လည်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာလက်ဝှေ့သမားတယောက်အဖြစ် ပြည်တွင်း ပြည်ပ ကစားသမားတွေနဲ့ ထိုးသတ်ခဲ့ဖူးတဲ့ ဖိုးသော်ဟာ ၂၀၁၅ ခုနှစ်မှာ စင်ကာပူအခြေစိုက် ONE Championship နဲ့ စတင်လက်တွဲခဲ့ပြီး ၂၀၁၆ မြန်မာဖယ်သာဝိတ်တန်း ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ သူဟာလက်ရှိအချိန်အထိ ကမ္ဘာ့စင်မြင့်ထက် ၁၀ ပွဲထိုးသတ်ထားရာ ၈ ပွဲနိုင်၊ ၂ ပွဲရှုံး မှတ်တမ်းကို ပိုင်ဆိုင်ထားပြီး ပြိုင်ပွဲတွေ ပြန်လည်ကျင်းပနိုင်တဲ့အချိန်ကျရင် အစွမ်းပြနိုင်ဖို့ လေ့ကျင့်မှုတွေကို မပြတ်ပြုလုပ်နေပါတယ်။ လက်ရှိအချိန်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါ ကြောင့် တကမ္ဘာလုံး အတိုင်းအတာအနေနဲ့ အကျပ်အတည်းနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ကပ်ရောဂါဆိုးကြီးကြောင့် လူစုလူဝေးမလုပ်ကြဖို့ နိုင်ငံတိုင်းက ဥပဒေနဲ့တားမြစ်ထားပြီး ONE Championship ပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲအများစုလည်း ရပ်နားထားရသလို စီးပွားရေးလုပ်ငန်းတွေလည်း ရပ်ဆိုင်းခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up