ဓာတ်ခွဲနမူနာယူရန် ကျန်းမာရေးပညာရှင် ၂၆ ဦး မြဝတီကို ထပ်မံရောက်ရှိ
DVB
·
May 26, 2020
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ပြည်ထောင်စုအစိုးရရဲ့အစီအစဉ်နဲ့ ကျန်းမာရေးပညာရှင် ၂၆ ဦး မြဝတီမြို့ကို ထပ်မံရောက်ရှိနေပြီလို့ မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
ထိုင်းနိုင်ငံကပြန်လာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ ဖတ်ရယူပြီး ဓာတ်ခွဲနမူနာ စစ်ဆေးနိုင်ဖို့နဲ့ ကျန်းမာရေးစိစစ်မှုတွေလုပ်ဆောင်ဖို့ ရန်ကုန်ဆေးရုံကြီးက ညွှန်ကြားရေးမှူး ဒေါက်တာ ခင်နန်းလုံ ဦးစီးတဲ့ ကျန်းမာရေးပညာရှင်တွေဟာ ပြည်နယ် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ရောက်ရှိနေတာပါ။
မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က "ကျွမ်းကျင်ပညာရှင် ၂၆ ဦး မနေ့ညက ရောက်ရှိလာတယ်။ ကရင်ပြည်နယ်မှာရှိနေတဲ့ ပညာရှင်တွေပေါင်းပြီးတော့ မူလအဆိုင်း ၅ ဆိုင်းကနေ အဆိုင်း ၁၀ ဆိုင်းအထိ ယူနိုင်အောင် စီစဉ်ထားပြီး ဖြစ်တယ်"လို့ ပြောပါတယ်။
ဝင်ရောက်လာသူအားလုံးရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ် ရယူ စစ်ဆေးပြီးမှ သတ်မှတ်ထားတဲ့ Quarantine စခန်းတွေမှာ ဝင်ရောက်ရမှာဖြစ်ပြီး ဓာတ်ခွဲနမူနာတွေကို အမျိုးသား ကျန်မားရေး ဓာတ်ခွဲဌာနကို ပေးပို့သွားမှာပါ။
မြန်မာ-ထိုင်း နှစ်နိုင်ငံအစီအစဉ်နဲ့ မေ ၂၅ ရက် ညနေ ၆ နာရီအထိ တရားဝင် ဝင်ရောက်လာသူ ၅၀၀ နီးပါးနဲ့ သီးခြားဝင်ရောက်လာသူ ၆၀၀ နီးပါးရှိပါတယ်။
ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာဖို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိထံ စားရင်ပေးပို့ထားသူ ၃၃၀၀၀ ကျော်ရှိရာမှာ မေ ၂၅ ရက်အထိ တရားဝင် ဝင်ရောက်သူ ၁၀၀၀ ကျော်နဲ့ သီးခြား ဝင်ရောက်သူ ၂၀၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။
သတင်း- ရဲမင်းခေါင်