Live
Home
မြန်မာသတင်း
ရုရှားရောက် မြန်မာတပ်မတော်သင်တန်းသားအရာရှိ ၃ ဦး COVID-19  ကူးစက်ခံရ
DVB
·
April 30, 2020
ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ သင်တန်းတက်ရောက်နေတဲ့ မြန်မာ့တပ်မတော်မှ သင်တန်းသား  ၃ ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိရတယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ ရုရှားနိုင်ငံမှာ သင်တန်းတက်ရောက်နေတဲ့ မြန်မာ့တပ်မတော်က ပညာတော်သင် သင်တန်းသား အရာရှိတွေအနက် မော်စကိုမြို့ရှိ Russian University of Transport  တက္ကသိုလ်မှ သင်တန်းသား ၂ ဦးနဲ့ Moscow Power Engineering Institute တက္ကသိုလ်မှ သင်တန်းသား ၁ ဦးတို့မှာ ဧပြီ ၂၇ ရက်နေ့က COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိတာလို့ ဆိုပါတယ်။ လက်ရှိအခြေအနေအရ ရောဂါပိုးကူးစက်ခံထားရတဲ့ မြန်မာ့တပ်မတော်မှ သင်တန်းသား အရာရှိ ၃ ဦးရဲ့ ကျန်းမာရေးအခြေအနေမှာ ထူးခြားတဲ့ ဖျားနာဝေဒနာ ခံစားရမှုမျိုးမရှိဘဲ ကောင်းမွန်နေပြီး ရုရှားကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်အရ အဆောင်မှာ သီးခြားနေထိုင် ဆေးကုသမှုခံယူနေတယ်လို့ တပ်မတော်သတင်းမှာဖော်ပြပါတယ်။  မြန်မာ စစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးမှ အဆိုပါ ကျောင်းသားတွေနဲ့ ဆက်သွယ်မှုရယူကာ လိုအပ်တဲ့ ကူညီစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။  ရုရှားနိုင်ငံမှာ COVID-19 ရောဂါပြန့်ပွားမှုကြောင့် MIIT တက္ကသိုလ်မှာ တက်ရောက်နေတဲ့ မြန်မာ့တပ်မတော်မှ ပညာတော်သင် သင်တန်းသားအရာရှိတွေအပါအဝင် ကျောင်းသားအားလုံးဟာ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၉ ရက်ကတည်းက သက်ဆိုင်ရာအဆောင်တွေကနေ အဝေးရောက်သင်ကြားမှုစနစ်နဲ့ ပညာသင်ယူနေကြတယ်လို့လည်း သိရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့  တပ်မတော်သားတွေအထဲက COVID-19 ကူးစက်ခံရသူ တဦးမှ မရှိသေးဘူးလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024