ဒေသန္တရအမိန့် ချိုးဖောက်မှုဖြင့် မှုခင်းသတင်းထောက် ၃ ဦးအပါအဝင် ၇ ဦးကို ထောင်ဒဏ်ချမှတ် 

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ယာဉ်ပေါ် လူ ၅ ဦးထက် ပိုမတင်ဆောင်ရတဲ့ ဒေသန္တရအမိန့်ကို ချိုးဖောက်တဲ့ မှုခင်းသတင်းထောက်ကတ် ကိုင်ဆောင်သူ ၃ ဦး အပါအဝင် ၇ ဦးကို  ဧပြီ ၂၇ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်ခဲ့တယ်လို့ ရေကြည်မြို့နယ် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။  ရန်ကုန်မှာ အလုပ်လုပ်ကိုင်ဖို့ ငါးသိုင်းချောင်းမြို့၊ တောင်ယာတန်းကျေးရွာ နေထိုင်သူ ၁၃ ဦးကို လာရောက်ခေါ်ဆောင်တဲ့ နေပြည်တော်တိုင်းမ် မှုခင်းနှင့်သတင်းစုံအသင်းအဖွဲ့ချုပ်ကတ် ကိုင်ဆောင်ထားသူ ၃ ဦးနဲ့ တခြားသူ ၄ ဦးကို ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်တာပါ။ တရားစွဲဆို ထောင်ချခံရသူတွေကတော့ ရန်ကုန်တိုင်းဒေသကြီးမှ ဒေါ်သီတာ (၄၃ နှစ်)၊ ဒေါ်မြသီတာ (၃၅ နှစ်)၊ ဦးမောင်မောင် (၅၁ နှစ်)၊ ယာဉ်မောင်း ဦးစိုးဝင်း (၄၂) တို့နဲ့ အတူ နေပြည်တော်တိုင်းမ် မှုခင်းနှင့်သတင်းစုံအဖွဲ့ဝင်ကတ်ကိုင်ဆောင်သူတွေဖြစ်တဲ့ သတင်းထောက် ဇေယျာမင်းထက် (၃၀ နှစ်)၊  Hijet ကားမောင်းသူ ဇင်ပိုင်ဖြိုး (၃၈ နှစ်)နဲ့  ရဲဝင်းနိုင် (၄၅ နှစ်) တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံက တာဝန်ရှိသူကပြောပါတယ်။  ရေကြည်မြို့ မြို့မရပ်ကွက်၊ ပိတောက်ချောင်းလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ ယာဉ်ပေါ် လူ ၅ ဦးထက် ပိုမိုတင်ဆောင်လာတာကိုစစ်ဆေးတွေ့ရှိရလို့ ဖမ်းဆီးအရေးယူလိုက်တာ ဖြစ်တယ်လို့ ရေကြည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကံညွန့်က ဒီဗွီဘီကို ပြောပါတယ်။ “လာခေါ်တဲ့သူအကုန် ၇ ယောက်ပေါ့၊ သူတို့ကို ဒီနေ့တရားစွဲတာ တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ၁ လစီ ချမှတ်ပါတယ်။ အဲ့ထဲက ၃ ယောက်က မှုခင်းသတင်းထောက်တွေလို့ စစ်ဆေးတဲ့အချိန်မှ ပြောပါတယ်။ လောလောဆယ်တော့ အချုပ်ထဲမှာ ချုပ်ထားပါတယ်။ မနက်ဖြန်မှ ထောင်ကိုပို့မှာပါ” လို့ ပြောပါတယ်။ COVID-19 ရောဂါဖြစ်ပွားနေစဉ် အချိန်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် ခရီးသွားလာပါက သက်ဆိုင်ရာမြို့နယ်နဲ့ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ရဲ့ ထောက်ခံစာ လိုအပ်မှာဖြစ်ပြီး ကားတစ်စီးတွင် ယာဉ်မောင်းသူအပါအဝင် လူ ၅ ဦးထက်ပို၍ စီးနင်းတာ မပြုလုပ်ဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားချက်ထုတ်ပြန် တားမြစ်ထားပါတယ်။ အလုပ်ပြန်လုပ်ဖို့ လာရောက်ခေါ်ဆောင်ခြင်းခံရတဲ့ အလုပ်သမား ၁၃ ဦးထဲမှာ အသက် ၁၈ နှစ်မပြည့်သေးသူ ၆ ဦးပါဝင်ပြီး လာခေါ်တဲ့သူတွေကိုတော့ မြို့နယ်ကျန်းမာရေးဦးစီးမှူးက တရားလိုပြုလုပ်ပြီး တိုင်တန်းခဲ့တာပါ။ လာရောက်ခေါ်ဆောင်ခြင်းခံခဲ့ရတဲ့ အလုပ်သမား ၁၃ ဦးကိုတော့ တာဝန်ရှိသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေပူးပေါင်း ၎င်းတို့နေထိုင်တဲ့ တောင်ယာတန်းကျေးရွာနေ မိဘတွေထံ ပြန်လည်အပ်နှံပေးခဲ့ပါတယ်။  ဧပြီလ ၂၅ ရက် ညနေပိုင်းကလည်း ညောင်တုန်းမြို့နယ် မဲဇလီစစ်ဆေးရေးဂိတ်မှာ ကျိုက်မရော မြို့နယ်တွင်သွားရောက်အလုပ်လုပ်ကိုင်ပြီး ကုန်တင်ကားနောက်ပိုင်းကို အလုံပိတ်ကာ လိုက်ပါလာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၇၃ ဦးကို တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိခဲ့ပြီး အားလုံးကို သက်ဆိုင်ရာ မြို့နယ်တွေမှာ ၂၁ ရက်စောင့်ကြည့်ထားပါတယ်။ သတင်း- မင်းထက်မုန်း(ပုသိမ်) 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up