ကုတင် ၁၀၀၀ ဆံ့ ခေတ်မီဆေးရုံသစ်ကြီး ရန်ကုန်တွင် ဆောက်မည်
ရွှေအောင်
·
April 9, 2013
ရန်ကုန်မြို့မှာ ငွေကျပ်သန်းပေါင်း ၅၀၀၀ ကုန်ကျမယ့် ကုတင် ၁၀၀၀ ဆံ့ ခေတ်မီ ဆေးရုံသစ်ကြီးတခု အမြန်ဆုံးတည်ဆောက်သွားဖို့ ရှိပါတယ်။
ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ဒီနေ့ပြုလုပ်ခဲ့တဲ့ ရန်ကုန်ဆေးရုံကြီး ပြန်လည်ပြုပြင် မွမ်းမံ တည်ဆောက်ရေး ကော်မတီစည်းဝေးပွဲကနေ ဆေးရုံသစ်ကြီး တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီနေ့စည်းဝေးပွဲကို ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တက်ရောက် ဆွေးနွေးခဲ့ကြတယ်လို့ ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီး ဦးကျော်ကျော်က ပြောပါတယ်။
“ပြုပြင်ဖို့က အချိန်စောင့်ရင် ကြာမှာစိုးလို့ ဒီကနေ့ အစည်းအဝေးမှာပဲ လွှတ်တော်ဥက္ကဋ္ဌကလည်း မြန်မြန်ပြီးအောင် အဆောက်အအုံသစ်ကို ဆောက်ပြီးတော့မှ လူနာတွေကို ပြောင်းရတာ ပိုပြီစိတ်ချရမယ်ဆိုပြီး ၀ိုင်းပြီး စဉ်းစား ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ခေတ်မီဆေးရုံပေါ့။ ဆိုလိုတာက အဆောက်အအုံရော၊ ပစ္စည်းရော ခေတ်မီတဲ့ ပုံစံမျိုးပေါ့။ ”
ရန်ကုန်မြို့ ပြည်လမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့် သူနာပြု တက္ကသိုလ်ရှေ့ မြေကွက်လပ်မှာ ခေတ်မီဆေးရုံသစ်ကြီးတခုကို ၁ နှစ်လောက်အတွင်း အပြီး တည်ဆောက် သွားမှာ ဖြစ်ပါတယ်။
ရန်ကုန်ဆေးရုံကြီး အကြီးစားပြင်ဆင်ဖို့အတွက် ဆေးရုံကြီးရှိ ဌာနတချို့ကို ပြည်လမ်းပေါ်က စွမ်းအင်ဝန်ကြီး ရုံးဟောင်းနေရာကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ လူနာတွေကို ပြောင်းရွှေ့ နေရာချထားပေးဖို့လည်း လိုမှာ ဖြစ်တဲ့အတွက် အခုလို ခေတ်မီဆေးရုံသစ်ကြီး တည်ဆောက်ဖို့ ပြင်ဆင်ကြတာ ဖြစ်ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ပြန်လည်ပြင်ဆင်ဖို့အတွက် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ ပဉ္စမအကြိမ် လွှတ်တော်အစည်းအဝေးအတွင်း အရေးကြီးအဆို တင်သွင်းခဲ့တာကို လွှတ်တော်က သဘောတူဆုံးဖြတ်ခဲ့ပြီးနောက် ဆေးရုံကြီး ပြင်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။