Home
မြန်မာသတင်း
မြန်မာလုပ်ငန်းရှင်ပိုင်ငွေ ဘတ် ၁၆ သန်းခွဲကို ထိုင်းရဲတပ်ဖွဲ့သိမ်းယူ
DVB
·
April 9, 2020
92247388_873224376482820_1904323421701931008_o
563000003763205
563000003763204
563000003763202
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ မြန်မာ၂ ဦးကို မြန်မာလုပ်ငန်းရှင်တစ်ဦး ပိုင်ဆိုင်တဲ့ငွေ ဘတ် ၁၆ သန်းခွဲနဲ့အတူ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။  မြန်မာနိုင်ငံသား ၂ ဦးဟာ  ဧပြီ ၇ ရက်က မြန်မာဘက်ခြမ်း မြဝတီမြို့ကနေ အဖြူရောင် မာဇဒါကားနဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဖြတ်ကျော်ခဲ့ပြီး ထိုင်းဘက်ခြမ်းကို ရောက်တော့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးစဉ် အိတ် ၂ လုံးထဲထည့်ထားတဲ့ ထိုင်းဘတ်ငွေ တစ်ထောင်တန် ၁၆၅၀၀ ရွက် ( စုစုပေါင်းတန်ဖိုး ဘတ် ၁၆ သန်းနဲ့ ၅ သိန်း ) ကို တွေ့ရှိခဲ့တာပါ။  ငွေသည်ဆောင်လာတဲ့  အသက် ၂၉ နှစ်ရွယ် အမျိုးသား ၁ ဦး နဲ့ ၂၄ နှစ်ရွယ် အမျိုးသမီး ၁ ဦးတို့မှာ မြန်မာနိုင်ငံကူးလက်မှတ်တွေ ရှိကြပေမယ့်လည်း ထိုင်းနိုင်ငံထဲကို တရားဝင်လမ်းကြောင်း ကနေ ငွေပမာဏ အမြောက်အများသယ်ဆောင်ဖို့ သက်ဆိုင်ရာအကောက်ခွန်ဌာနရဲ့ ခွင့်ပြုချက်စာ မပါတာက တကြောင်း၊ ငွေပိုင်ဆိုင်မှု အထောက်အထားသက်သေတစုံတရာလည်း မပြသနိုင်တာ ကြောင့် မဲဆောက် ရဲတပ်ဖွဲ့က သူတို့ ၂ ဦးကို ရာဇဝတ်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ထံ အပ်နှံဖို့ ဘန်ကောက်ကို ဆက်လက်ပို့ဆောင်လိုက်ပါတယ်။  ဧပြီ ၈ ရက် မနက်ပိုင်းမှာတော့ မြဝတီမြို့က စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးဖြစ်သူ ဦးကျော်ဟိန်းဟာ သူ့ရဲ့ ဆီဆိုင်ဝန်ထမ်း ၂ ဦး ဘတ်ငွေ ၁၆ သန်းခွဲနဲ့အတူ ထိုင်းဘက်ခြမ်းမှာ ပျောက်ဆုံးနေကြောင်း မဲဆောက်ရဲတပ်ဖွဲ့ကို လာရောက်တိုင်ကြားခဲ့ပါတယ်။  ဦးကျော်ဟိန်းက သူ့ရဲ့ဓာတ်ဆီဆိုင်မှာ ထိုင်းနိုင်ငံ ပီတီတီစက်သုံးဆီကုမ္ပဏီထံ ဆီဖိုး ဘတ် ၁၆ သန်းခွဲ ပေးချေရန်ရှိကြောင်း၊ ခါတိုင်း မြန်မာဘက်ခြမ်းရှိ ဘဏ်တွေကနေ လွှဲပေးနေကျ ဖြစ်ပေမယ့် လတ်တလောမြန်မာနိုင်ငံမှာ ကိုဗစ် - ၁၉ ကူးစက်ရောဂါတားဆီးရေး ဘဏ်တွေ ပိတ်ထားတာမို့ ထိုင်းနိုင်ငံရှိ ဘဏ်ကနေ တိုက်ရိုက်လွှဲပေးဖို့ ဝန်ထမ်း ၂ ဦးကို တာဝန်ပေးလိုက်စဉ် နာရီပေါင်းအတော်ကြာသည်ထိ အဆက်အသွယ်မရတာကြောင့် ဘေးအန္တရာယ်တစုံတရာကြုံမှာ စိုးရိမ်လို့ ရဲစခန်းမှာ လာရောက်တိုင်ကြားတာလို့ ဆိုပါတယ်။  မဲဆောက်ရဲတပ်ဖွဲ့က နှစ်နိုင်ငံချစ်ကြည်ရေးတံတားရှိ တာဝန်ကျရဲတပ်ဖွဲ့တွေထံ ဆက်သွယ် မေးမြန်းရာမှာတော့ အဆိုပါ ဝန်ထမ်းနှစ်ဦးမှာ တရားဥပဒေနဲ့ ညှိစွန်းတဲ့အတွက် ဖမ်းဆီးခံထားရ ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။  ဦးကျော်ဟိန်းက သူဟာ စက်သုံးဆီရောင်းဝယ်မှုလုပ်ငန်းကို တရားဝင်လုပ်ကိုင်နေတာဖြစ်ပြီး အခုလို ဝန်ထမ်းနဲ့ ငွေတွေ သိမ်းယူခံထားရတဲ့အပေါ် တရားမျှတမှုရရေး ဥပဒေကြောင်းကနေ ရင်ဆိုင်သွားမယ်လို့ ဆိုပါတယ်။  တရားရင်ဆိုင်ဖို့ ထိုင်းနိုင်ငံက နာမည်ကြီးရှေ့နေတယောက်ဖြစ်တဲ့ နိုင်းနန္ဒချိုင်း ချိုင်းတေချ ဆိုသူကို ငှားရမ်းထားပြီး အဆိုပါထိုင်းရှေ့နေကလည်း ဦးကျော်ဟိန်းဟာ ထိုင်းနိုင်ငံက စက်သုံးဆီ ကို တရားဝင် ရောင်းဝယ်သူဖြစ်တာကြောင့် တရားမျှတရေးအတွက် ထိုင်း-မြန်မာနယ်စပ် စီးပွားရေး လုပ်ငန်းရှင်များအသင်း TMBC / မဲဆောက်ကုန်သည်ကြီးများအသင်းတို့ထံ အကြောင်းကြားထား သလို ထိုင်းအမျိုးသားဒုစရိုက်မှု နှိမ်နင်းရေး ကော်မရှင်အဖွဲ့နဲ့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ထံ တိုင်ကြား သွားမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။ တရားမဝင်ဘတ်ငွေတွေ သန်းနဲ့ချီသယ်ဆောင်လာပြီး မြန်မာနိုင်ငံနယ်စပ်မှ ထိုင်း နိုင်ငံဘက်ကို ဝင်ရောက်လာသူ ၂ ဦးကို ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ လည်း ဖော်ပြပါတယ်။ စစ်ဆေးမေးမြန်းချက်အရ သူတို့နှစ်ဦးဟာ ဒီငွေတွေကို မဲဆောက်မြို့ရှိ ကာဆီကွန်းဘဏ်မှာ သွားရောက်အပ်နှံမှာ ဖြစ်တယ်လို့ ဖြေခဲ့ကြပေမယ့် ဘဏ်အကောင့်ရှိကြောင်း အထောက် အထားတစုံတရာ မတွေ့ရတဲ့အတွက် ဆက်လက်ပြီး စစ်ဆေးအရေးယူဖို့ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။ ထိုင်းငွေတွေကို အကောက်ခွန်စစ်ဆေးရေးဂိတ်မှာ မကြေညာပဲ သယ်ဆောင်လာတဲ့အတွက် အမှုဖွင့်ခံရမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ထိုင်းဗဟိုစုံစမ်းစစ်ဆေးရေးဗျုရိုအကြီးအကဲက ဒီငွေတွေ ဘယ်ကနေ ရောက်လာသလဲဆိုတာကို စုံစမ်းစစ်ဆေးဖို့နဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဆိုင်ရာ ရုံးကလည်း လိုအပ်တဲ့ စစ်ဆေးအရေးယူမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။   ကိုးကား - မန်နေဂျာအွန်လိုင်း / ထိုင်းရတ်တီဗွီသတင်း 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024