စင်ကာပူ-မြန်မာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် လူ့စွမ်းအားဖွံ့ဖြိုးရေး ဆွေးနွေး
DVB
·
April 2, 2013
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံ ရောက်ရှိနေတဲ့ စင်ကာပူသမ္မတ တိုနီတန်ကင်ယမ်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ မနေ့က တွေ့ဆုံပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
မနေ့ ညနေပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ဒီနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
[caption id="attachment_38044" align="alignleft" width="300" caption="စင်ကာပူသမ္မတနိုင်ငံ သမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်းနှင့် သမ္မတ ဦးသိန်းစိန်"][/caption]
တွေ့ဆုံရာမှာ သမ္မတ ဦးသိန်းစိန်က နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲလိုကြောင်း၊ ဒီလိုလုပ်ဆောင်ရာမှာ အရင်းအနှီး၊ နည်းပညာနဲ့ လူ့စွမ်းအားအရင်းအမြစ်များ မပြည့်စုံတဲ့အတွက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကလည်း စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဒီအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာပါက အရင်းအနှီးနဲ့ နည်းပညာများ ရရှိလာမည်ဖြစ်ပြီး လူ့စွမ်းအားအရင်းအမြစ်ကို မွေးထုတ်ဖို့သာ အဓိက ဆောင်ရွက်ရမည်ကြောင်း၊ စင်ကာပူ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါတယ်။
စင်ကာပူသမ္မတက ၂ နိုင်ငံ အပြန်အလှန်ဖြစ်ပေါ်တိုးတက်မှုတွေကို အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းတွေ၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်နိုင်မယ့် လူငယ်တွေကို သင်ကြားလေ့ကျင်ပေးမယ့် နည်းပညာသင်တန်းကျောင်းဖွင့်လှစ်ခွင့် ပြုတဲ့အတွက် နှစ်ဖက် အကျိုးကျေးဇူး ရှိမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။