မကြောက်ဘဲလည်းမနေခြင်းဖြင့် ကိုဗစ်ကို ရင်ဆိုင်ကြ (အယ်ဒီတာ အာဘော်)
DVB
·
April 2, 2020

COVID-19 ရောဂါက တကမ္ဘာလုံးကို အကြီးအကျယ်ခြိမ်းခြောက်ထားချိန်၊ အင်အားကြီး အနောက်နိုင်ငံကြီးများပင်လျှင် အပြင်းအထန်ရုန်းကန်ကာကွယ်နေရချိန်ဖြစ်သည်။
ရောဂါကြိုတင်ကာကွယ်သည့်အနေဖြင့် မြန်မာနိုင်ငံ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင် လူအများစု အိမ်ထဲကအိမ်ပြင်မထွက်ကြတော့။ လမ်းတွေရှင်း၊ ကားတွေရှင်းနှင့် ဘတ်စ်ကားလိုင်းအချို့ လူမစီးတော့သဖြင့် ရပ်နားလိုက်ရသည်အထိ လူများက လမ်းပေါ်မထွက်ကြဘဲ ရောဂါ ကြိုတင်ကာကွယ်နေကြသည်။
ဧပြီ ၁ ရက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများနှင့် Video Conferencing စနစ်ဖြင့် ချိတ်ဆက်၍ လက်တွေ့အခြေအနေများကို အပြန်အလှန် ဆွေးနွေးစဉ်ပြောခဲ့သည့် စကားတခွန်းရှိသည်။
"ခြောက်တိုင်းလည်းမကြောက်နဲ့ မကြောက်ဘဲလည်း မနေနဲ့"။ ခြောက်တိုင်းလည်း မကြောက်နဲ့ ဆိုသည့်စကားက ရှင်းသည်။ မကြောက်ဘဲလည်း မနေနဲ့ဆိုသည့်စကားက လေးနက်သည်။ ကြောက်စရာရှိတာကို အသိ၊ သတိနှင့်ကြောက်ပြီး မိမိလုပ်စရာရှိတာကို ဆက်လုပ်ရန် ဆိုလိုရင်းဖြစ်သည်။
လူဦးရေ တသန်းကျော်ရှိသော ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် ယခုလက်ရှိ ကိုဗစ်ကာကွယ်ထိမ်းချုပ်ကုသရေးလုပ်ဆောင်နေသည့် ဆရာဝန်က သူ့မြို့နယ်ထဲတွင် ရောဂါပိုးအန္တရာယ်ကို ကြောက်ပြီး ကျန်းမာရေးအသိရှိသူက ထက်ဝက် ရှိပြီး၊လုံး၀ မကြောက်သူက ထက်ဝက်၊ ငါးဆယ် ငါးဆယ်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပြောရာက အတိုင်ပင်ခံက “ခြောက်တိုင်းမကြောက်နှင့်၊ မကြောက်ဘဲလည်း မနေနှင့်” ဆိုသောစကားကို ဆိုခြင်းဖြစ်သည်။ ယင်းနောက် ကြောက်ကြောက်နှင့်ပဲ လုပ်စရာရှိတာ ဆက်လုပ်ကြပါဟုလည်း အားပေးစကား ဆိုခဲ့သည်။
ဒီမတိုင်ခင်က ဒီဗွီဘီရုပ်သံ သတင်းထောက်များက လက်ရှိဖြစ်ပွားနေသည့် COVID-19 ရောဂါနှင့်ပတ်သက်၍ လူထုအကြားဆင်းကာ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်ပြီး သိသလား၊ ကြောက်သလား၊ ဘယ်ပုံဘယ်နည်းကာကွယ်ရမည်နည်း၊ ရောဂါသိပ်ဆိုးလာပါက မည်သို့ ရင်ဆိုင်မည်နည်းဟူသော မေးခွန်းများကို လိုက်မေးခဲ့သည်။
ရန်ကုန်က လမ်းဘေးဈေးသည်များနှင့် တက္ကစီမောင်းသူများကဲ့သလို အခြေခံလူတန်းစားများ ကိုလိုက်မေးခြင်းဖြစ်သည်။ အံ့သြစရာကောင်းလောက်အောင်ပင် အများစုက ရောဂါကို မည်သို့မည်ပုံ ကာကွယ်ရမည်ကို သိနေကြသည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်က ထိုသူတို့သည် တနေ့လုပ် တနေ့စားဘဝများဖြစ်သဖြင့် ရောဂါအန္တရာယ်ကို သိပင်သိငြား အိမ်ပြင်ထွက် ရောင်းဝယ်ဖောက်ကား ပြေးလွှားနေရခြင်းပင်။
ကြောက်စရာကောင်းသည်ကတော့ အခြေခံလူတန်းစားအများစုသည် COVID-19 ကို မကြောက်ဟု ဖြေဆိုကြခြင်းပင်ဖြစ်သည်။ တူညီသည်တခုရှိသေးသည်။ ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ မိမိတို့သည် တနေ့လုပ်တနေ့စားများဖြစ်နေသဖြင့် အိမ်ပြင်ထွက် အလုပ်လုပ်နေရဦးမည်ဟု ဖြေသည်။ ရောင်းရေးဝယ်တာများလည်း ကျဆင်းကာ အလုပ်အကိုင်များ မကောင်းကြတော့ခြင်းကလည်း တသံတည်းထွက်သည်။
ခြေခံလူတန်းစားများဖြေဆိုနေကြသည်ကို ကြည့်၍ ရောဂါ၏ ခြိမ်းခြောက်မှုကို မှန်းဆကြည့်နေမိသည်။ COVID-19 မကြောက်ကြသူများ၏ အခြေအနေကို လှမ်းကြည့်မိသောအခါ ရောဂါဖြစ်ပွားနှုန်းအမြင့်ဆုံးရောက်နေသည့် အမေရိကန်ပြည်ထောင်စုကို တွေ့မြင်ရသည်။
ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက် ဖြစ်ပွားသူ ၉၂ဝဝဝဝ ကျော်၊ သေဆုံးသူ ၄၆ဝဝဝ ကျော် ရှိပြီး အမေရိကန်ပြည်ထောင်စုတွင် ကူးစက်သူ ၂၁ဝဝဝဝ ကျော်နှင့် သေဆုံးသူ ၄၆ဝဝ ကျော်သွားပြီ ဖြစ်သည်။
အဓိက ဖြစ်ပွားနေသည့် နယူးယောက်ပြည်နယ်တွင် ဖြစ်ပွားသူ ၈၃ဝဝဝ ကျော်၊ သေဆုံးသူ ၂ဝဝဝ ခန့် ရှိသည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံ အမေရိကန်တွင် ရောဂါကူးစက်ခံရမှု ထိပ်တန်းရောက်အောင် မည်သို့ ဖြစ်ပွားခဲ့သနည်း။ COVID-19 စဖြစ်နေကတည်းက သူတို့နှင့် မဆိုင်သလို ပျော်ပါးခဲ့ကြ၊ လူစုလူဝေးနှင့် ပွဲတော်အမျိုးမျိုး ကျင်းပမြဲ ကျင်းပခဲ့ကြသည်ကို တွေ့ရသည်။ မကြောက်ဘဲ နေခဲ့ကြ၍ဖြစ်သည်။ အီတလီနှင့် စပိန်နိုင်ငံများတွင်လည်း အလားတူပင်ဖြစ်သည်။
အသိ သတိနှင့် မကြောက်ဘဲလည်း မနေခဲ့၍ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်ပြီး လူအသက်များကို မျက်စိတမှိတ်အတွင်း တဖြည်းဖြည်းနုတ်ယူနေသည့် COVID-19 ကမ္ဘာ့ကပ်ရောဂါကြီးနှင့် ရင်ဆိုင်ရာတွင် ခြောက်တိုင်းလည်း မကြောက်နှင့် မကြောက်ဘဲလည်းမနေနှင့်ဟုသာ နှိုးဆော်တိုက်တွန်းလိုက်သည်။