Home
မြန်မာသတင်း
ဧရာဝတီတိုင်း မြို့နယ်အလိုက်သင်္ကြန်အသုံးစရိတ်များကို COVID-19 အတွက်သုံးစွဲမည်
DVB
·
March 31, 2020
ဧရာဝတီတိုင်းဒေသကြီးမှာ မြို့နယ်အလိုက်သုံးစွဲဖို့ ခွင့်ပြုပေးထားတဲ့  သင်္ကြန်အသုံးစရိတ်    ကျပ်သိန်း ၂၀  စီကို COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုပေးခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေထံက သိရပါတယ်။ "အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဆီကနေ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို အကြောင်းကြား ထားတာပါ၊ ဒီနေ့တော့ စာထုတ်ပေးမယ်ပြောပါတယ်။ ဘယ်နေ့ကနေ စတင်အသုံးပြုတယ် ဆိုတာတော့ စာထွက်မှ သိရမှာ"လို့ အိမ်မဲမြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက ပြောပါတယ်။ အိမ်မဲမြို့နယ်မှာလည်း မတ်လ ၂၄ ရက်က စပြီး ရောဂါကာကွယ်ရေးလုပ်ငန်းတွေ ကိုဌာနဆိုင်ရာတွေနဲ့ ဒေသခံတွေ ပူးပေါင်းလုပ်ဆောင်နေပြီး မြို့ခံစေတနာရှင်အားလုံး ဝိုင်းဝန်းလှူဒါန်းတာ ကျပ်သိန်း ၁၃၀ ကျော်ရရှိထားကာ  PPE ဝတ်စုံတွေ ဝယ်ယူတာနဲ့ ကျန်းမာရေးပစ္စည်းတွေဝယ်ယူနေရတာကြောင့် ရလိုက် သုံးလိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အလှူခံလို့ရရှိထားတဲ့ PPE ဝတ်စုံတွေနဲ့ အခြား Mask နှာခေါင်းစည်းတွေအပါအဝင် အခြားကျန်းမာရေးအသုံးအဆောင်တွေကိုလည်း မြို့နယ်တွေကို ဖြန့်ဝေပေးသွားဖို့ ရှိတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဌေးဝင်းက  ပြောပါတယ်။ "ဒီဟာက ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့ သွားတာပါ၊ သက်ဆိုင်ရာဝန်ကြီးဌာနကနေ သွားဖို့ ရှိပါတယ်။ ကျန်တဲ့ PPE ဝတ်စုံတွေနဲ့ အခြားပစ္စည်းတွေကို ဖြန့်ဝေဖို့စီစဉ်နေပြီ"လို့ တိုင်းအစိုးရ အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဒီဗွီဘီကိုပြောပါတယ်။ ဧရာဝတီတိုင်းအတွင်း ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို စောင့်ကြည့်ဖို့အတွက် မြို့နယ် ၂၆ မြို့နယ်မှာ Facillty Quarantine Centre ၁၅၀ ဖွင့်လှစ်ထားပြီး မတ်လ ၂၈ ရက်နေ့အထိ စောင့်ကြည့်သူ ၉၁၄ ဦးရှိတယ်လို့ တိုင်းအစိုးရအဖွဲ့ရဲ့ မှတ်တမ်းတွေအရသိရပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024