အင်းလေးဟိုတယ်ဇုန် လယ်သိမ်းခံ တောင်သူတွေနဲ့ ညှိနှိုင်းလို့ မရသေး
DVB
·
March 26, 2013

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ထဲက အင်းလေးဟိုတယ်ဇုန်အတွက် ခြံနဲ့ လယ်ယာမြေ အသိမ်းခံရသူ တောင်သူ ၁၈ ယောက်နဲ့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌတို့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် သဘောတူညီမှု မရသေးဘူးလို့ ခြံပိုင်ရှင် ဦးအောင်ကျော်မျိုးက ဒီဗွီဘီကို ပြောပါတယ်။
ဦးတင်ထွဋ်နဲ့ ခြံပိုင်ရှင်တွေ မတ် ၂၃ ရက်နေ့က ညောင်ရွှေမြို့နယ် ကန်ပဲ့ရွာ စာသင်ကျောင်းမှာ ညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌ က ခြံရှင်တွေကို ခြံမြေ ၁ ဧက ကျပ် ၃၅ သိန်းကနေ သိန်း ၄၀ အထိ ပေးမယ်လို့ ကမ်းလှမ်းခဲ့ပေမယ့် ခြံရှင်တွေက လက်မခံဘဲ ကိုယ့်ခြံ ကိုယ်ပြန်လုပ်ခွင့် တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
အင်ကြင်းကုန်းနဲ့ ကံပဲ့က ခြံရှင် ၁၈ ယောက်ဟာ သူတို့ သဘောတူညီမှု မရပဲ ခြံမြေတွေ အတင်းအဓမ္မ သိမ်းယူရင် ဆန္ဒပြတာတွေ လုပ်သွားမယ်လို့ ဒီဗွီဘီ ကို ပြောပါတယ်။