ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူ စစ်ဘက်တာဝန်ပြန်ထမ်းဆောင်
DVB
·
March 25, 2020
ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူကို မူလစစ်ဘက်တာဝန် ဝတ္တရားတွေ ပြန်ပြီး ထမ်းဆောင်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတက မတ်လ ၂၄ ရက်မှာ အမိန့်ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကပဲ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေကိုလည်း ဝန်ကြီးတာဝန်ကနေ နားပြီး မူလစစ်ဘက်တာဝန်တွေ ပြန်ပြီး ထမ်းဆောင်စေခဲ့ပါတယ်သေးတယ်။
အဲဒီနောက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးဖို့ ဖေဖော်ဝါရီ ၆ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြပြီး ကန့်ကွက်သူမရှိတဲ့အတွက် ဖေဖော်ဝါရီ ၁၀ ရက်မှာ သမ္မတက အမိန့်ထုတ် ခန့်အပ်ခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီး ခန့်အပ်ဖို့အတွက် သမ္မတဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဆီက သင့်တော်တဲ့ တပ်မတော်သားရဲ့ အမည်စာရင်း ရယူပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ခန့်အပ်ရမှာ ဖြစ်ပါတယ်။
ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်ထားခြင်းခံရတဲ့ တပ်မတော်သားဟာလည်း တပ်မတော်ကနေ အငြိမ်းစားယူဖို့ ဒါမှမဟုတ် နုတ်ထွက်ဖို့ မလိုအပ်ဖူးလို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။