တောင်အာဖရိကတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူ ၁၁၆ ဦးရှိလာ

တောင်အာဖရိကနိုင်ငံမှာ မတ်လ ၁၈ရက် အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ လူနာ ၁၁၆ယောက်ရှိပြီဖြစ်လို့ ကူးစက်မှုတိုက်ဖျက်ရေးအတွက် ဘတ်စ်ကားဂိတ်တွေနဲ့ အငှားယာဉ် ဂိတ်တွေမှာ စပြီး ပိုးသတ်နေပါပြီ။ နိုင်ငံရဲ့ အကြီးဆုံး အငှားယာဉ်လုပ်ငန်းက ဦးဆောင်ပြီး ကြိုတင် အရေးယူဆောင်ရွက်ချက် အနေနဲ့ ကိတ်ပ်တောင်းနဲ့ ဒါဘန်အပါအဝင် အဓိက မြို့ကြီးတွေက မီနီဘတ်စ်တွေ၊ တက်စီတွေနဲ့ ဘတ်စ်ကားတွေကို သန့်ရှင်းရေးလုပ်ပြီး  ပိုးသတ်ခဲ့တာပါ။ ကားတွေပေါ် အတက်အဆင်းမှာ ခရီးသည်တွေနဲ့ အငှား ယာဉ်မောင်းတွေက လက်တွေကို ပိုးသတ်ကြဖို့ မျှော်လင့်တယ်လို့ တောင်အာဖရိက အမျိုးသားတက်စီကောင်စီ ခေါင်းဆောင် ဖိလစ် တိုင်ဘို့ချ်က ပြောပါတယ်။ “လုံလောက်အောင် ထိန်းချုပ်နိုင်မယ် မထင်ဘူး၊ မျက်နှာဖုံးတွေလည်း ပစ္စည်းပြတ်နေပြီ လက်ဆေးရည်တွေလည်း ရောင်းကုန်ပြီ။ တကမ္ဘာလုံးလိုပဲ လူတွေ ထိတ်လန့် နေပြီထင်တယ် ဘာလုပ်ရမယ်မှန်း မသိတော့ဘူး”လို့ ဆေးဝါးလုပ်ငန်း အကူဝန်ထမ်းတဦး ပြောပါတယ်။ ကိပ်တောင်းမြို့ တက္ကသိုလ် မော်ကွန်းထိန်းက  “ရောဂါဒဏ် ခံနိုင်စွမ်း တိုးမြှင့်ဖို့ ဗီတာမင်စီနဲ့ ဇင့်ကို ဝယ်ဖို့ ဆေးဆိုင်ကနေ ခုပဲ ပြန်လာတယ်။ ဘာဆက်လုပ်ရမယ် မသိတော့လို့ တအားကြောက်နေတယ်”လို့ ပြောပါတယ်။ နိုင်ငံတွင်း အငှားယာဉ်လုပ်ငန်း ၁၀၀၀ ကျော် ရှိပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍမှာ တရက်ကို ခရီးသည်ဦးရေ ခန့်မှန်းခြေ ၁၆ ဒသမ ၅သန်းကို ပို့ဆောင်ပေးနေတယ်လို့ သယ်ယူပို့ဆောင်ရေး ဌာနက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up