Home
မြန်မာသတင်း
ဝက်လက်စည်ပင် ပြန်ရွေးချယ်ဖွဲ့စည်းပေးရန် တောင်းဆို
DVB
·
March 16, 2020
89998777_837132133429841_195667001924911104_o
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ မြို့တော်ဝန်နဲ့ စည်ပင်သာယာရေးကော်မတီတို့ရဲ့ လုပ်ကိုင် ဆောင်ရွက်ပုံတွေကို မနှစ်သက်တာကြောင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ဈေးသူ ဈေးသားတွေက လွှတ်တော်ကိုယ်စားလှယ်များရုံးကို မတ် ၁၅ ရက်နေ့က တင်ပြတောင်းဆိုခဲ့ကြပါတယ်။ “မြို့တော်အတွက် သာယာတိုးတက်မှု မရှိသလို၊ ဈေးသူဈေးသားတွေ တင်ပြတာ‌တွေ၊ ရပ်ကွက်နေ ပြည်သူတွေ တင်ပြတာတွေကို အလေးထား ဆောင်ရွက်ပေးတာ မရှိတဲ့အပြင်၊ တိုင်ချင်ရာတိုင်လို့ ပြောနေတဲ့အတွက် မြို့တော်ဝန်နဲ့ စည်ပင်သာယာရေးကော်မတီကို ပြန်လည်ရွေးချယ် ဖွဲ့စည်းပေးဖို့ တင်ပြတောင်းဆိုကြတာပါ” လို့ ဦးဆောင်သူတဦးက ပြောပါတယ်။ တဦးချင်းစီအနေနဲ့ လမ်းဘေးဆိုင်ခန်း ပြဿနာ၊ အမှိုက်ပုံပြဿနာ၊ ရေနုတ်မြောင်းအတွင်းက အနံ့ဆိုးထွက်‌တဲ့ ပြဿနာတွေကို မြို့နယ် စည်ပင်သာယာရေးကော်မတီကို တင်ပြကြပေမယ့် မဖြေရှင်းပေးတာ၊ အများနဲ့ ညှိနှိုင်းဆောင်ရွက်မှု မလုပ်တာ စတာတွေကို တက်ရောက်လာသူ ၁၀ ဦးက မြို့မိမြို့ဖတွေနဲ့ တာဝန်ရှိသူတွေကို တင်ပြကြပါတယ်။ “ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ မိမိတို့ရပ်ကွက်အတွင်းမှာရှိတဲ့ ဈေးဆိုင်စာရင်းတွေ ပို့ပါ ဆိုလို့ ပို့လိုက်တယ်၊ နောက်အုပ်ချုပ်ရေးမှူးက တိုင်လို့ဆိုပြီး ရပ်ကွက်ထဲက ဈေးဆိုင်တွေ လှည့်ဖမ်းတာတဲ့ဗျာ၊ ခါတိုင်းလည်း သူတို့ ဈေးကောက်‌ငွေ တောင်းနေကြတဲ့ ဆိုင်တွေပါ၊ အဲဒါတွေလည်း ရပ်ကွက်နေ ပြည်သူလူထုက မကျေနပ်ကြဘူး” လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။ စည်ပင်ပြန်လည်ရွေးချယ်ဖို့ တင်ပြထားတဲ့အပေါ် မြို့တော်ဝန် ဦးကျော်သောင်းက “အခုကိစ္စကို ကျနော်ဈေးထဲလည်း စုံစမ်းတယ်။ ရပ်ကွက်ထဲလည်း စုံစမ်းတယ်။ တိုင်တယ်ဆိုတာအားလုံးကို ကိုယ်စားပြုတာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးဆန်ဆန်ပါ၊ ပြီးတော့ တိုင်ချင်တယ်ဆိုရင် မြို့နယ်စီခန့်ကို တိုင်ပါ့လား။ အခုဟာက အဆင့်ကျော်နေတာ” လို့ ပြောပါတယ်။ ဈေးသူဈေးသားတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ တင်ပြချက်တွေကို မြို့မိမြို့ဖတွေနဲ့ ကိုယ်စားလှယ်များရုံး တာဝန်ရှိသူတွေက လက်ခံခဲ့ကြပြီး၊ အများဆန္ဒအရ အမြန်ဆုံး ပြန်လည်ရွေးချယ် ဖွဲ့စည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်နဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဆီထိ တင်ပြပေးသွားမယ်လို့ ကိုယ်စားလှယ်များရုံး တာဝန်ရှိသူဆီက သိရပါတယ်။ အောင်စံလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024