နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်သတ်မှတ်
DVB
·
March 14, 2013
နိုင်ငံရေးလှုပ်ရှားမှု ပုံစံအမျိုးမျိုး ဆောင်ရွက်ကြလို့ အကျဉ်းကျခံရသူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေက ဆွေးနွေးသတ်မှတ်လိုက်ပါတယ်။
ရန်ကုန် မိုင်ဂါးဒင်းမှာ ဒီနေ့ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကနေ နိုင်ငံရေးအကျဉ်းသား အနက်အဓိပ္ပာယ် သတ်မှတ်ချက်ကို အားလုံး သဘောတူ သတ်မှတ်လိုက်ကြတာပါ။
သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသားများအဖွဲ့ဝင် ကိုရဲအောင်က
[caption id="attachment_37435" align="alignright" width="300" caption="နိုင်ငံရေးအကျဉ်းသား အနက်အဓိပ္ပာယ်သတ်မှတ်ချက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနေစဉ်( Photo_ Former Political Prisoners)"][/caption]
“မည်သူမဆို နိုင်ငံတော်နဲ့ နိုင်ငံသားများ၏ အကျိုးဖြစ်ထွန်းစေသည်ဟု ယုံကြည်၍ဖြစ်စေ၊ နိုင်ငံသားများနစ်နာနေသည်ဟု ယုံကြည်၍ဖြစ်စေ နိုင်ငံရေးလှုပ်ရှားမှုပုံစံအမျိုးမျိုးကို ဆောင်ရွက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းပြစ်ဒဏ်ချမှတ်ခံရသူများ။ အထက်ပါဆောင်ရွက်ချက်များနဲ့ ဆက်စပ်၍ စွပ်စွဲထိန်းသိမ်း ပြစ်ဒဏ်ချမှတ်ခံရသူများ။ အစိုးရတရပ်ရပ်၏ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်ဆင့်က နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် ပြစ်မှုကြောင်းအရ အရေးယူခံရသူများ အဲလူတွေအားလုံးကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်လိုက်ပါတယ်။”
သတ်မှတ်ချက်မှာ နိုင်ငံရေးလှုပ်ရှားမှု ပုံစံအမျိုးမျိုးကို ဆောင်ရွက်မှုကြောင့်လို့ ဖော်ပြပါရှိတဲ့ အတွက် လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး အကျဉ်းကျခံရတဲ့သူတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
ဒီအလုပ်ရုံဆွေးနွေးပွဲကို လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကနေပြီးတော့ ဦးစီးလုပ်ဆောင်ခဲ့တာပါ။ ဒီကော်မတီမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဟုမ်းမီဒီယာ ကွန်ရက် စတဲ့အဖွဲ့တွေ ပါဝင်တယ်လို့ ကိုရဲအောင်က ပြောပါတယ်။
ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေကို ကိုရဲအောင်က “ဆွေးနွေးပွဲက ထွက်ပေါ်လာတဲ့ ရလဒ်ကိုတော့ လာမယ့် စနေနေ့မှာ ကျင်းပမယ့် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီမှာလည်း အဲဘောင်ကနေကိုင်ပြီးတော့ လက်ကျန် နိုင်ငံရေးအကျဉ်းသားတွေကို ရွေးချယ်မှာဖြစ်တယ်။ ဒါကိုလည်း တရားဝင်စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် ဆိုတဲ့ တရားဝင်ဥပဒေမှာ ပါဝင်လာနိုင်အောင် လက်ရှိ ကျနော်တို့က လွှတ်တော်မှာတက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒါမှမဟုတ် ပါတီတွေကို ချဉ်းကပ်စည်းရုံးပြီးတော့ အနက်အဓိပ္ပာယ်ဖွင့်ဆိုနိုင်အောင် ကြိုးစားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိစစ်ဖို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ခေါင်းဆောင်ပြီးတော့ ဝန်ကြီးဌာနတွေက ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို ဖွဲ့စည်းဖို့ နိုင်ငံတော်သမ္မတရုံးက ဇန်နဝါရီ ၆ ရက်နေ့မှာ တရားဝင် ညွှန်ကြားခဲ့ပါတယ်။