ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်း ရပ်ဆိုင်းရန် ၈၈မျိုးဆက် ပြော
DVB
·
March 14, 2013

လွှတ်တော်ကို တင်သွင်းမယ့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းကို ရပ်ဆိုင်းထားပြီး စာနယ်ဇင်းအပါအ၀င် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ လိုကြောင်း ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဒီနေ့ ကြေညာထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ဒီဥပဒေသာ တည်ဖြစ်သွားရင် ဒီမိုကရေစီမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းမဏ္ဍိုင်ကြီးဟာ အမှောင်ကျသွားပြီလို့ ယူဆတဲ့အတွက် ကြေညာချက် ထုတ်ပြန်လိုက်တာလို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဝင် ဦးဇော်မင်းက ပြောပါတယ်။
“ဒီဥပဒေသာ အတည်ပြုလိုက်ရင် ကျနော်တို့ကို အချိန်မရွေးဖမ်းဆီး ထောင်ချလို့ ရတဲ့ အနေအထား ဖြစ်သွားတယ်။ နိုင်ငံတော်သမ္မတ ပြောနေတဲ့ ဘယ်တော့မှ နောက်ကြောင်းပြန်မလှည့်ဘူးဆိုတာ ဒီဟာကတော့ နောက်ကြောင်းပြန်လှည့်ပြီဆိုတာ ဖြစ်နေတယ်။ အဲတော့ ဒါကို လက်မခံနိုင်တဲ့အတွက် အခု လူမှုအဖွဲ့အစည်းတွေ အားကောင်းနေတဲ့ခေတ်မှာ ဥပဒေတွေ တင်သွင်းတာတွေ ရှိတယ်။ စာနယ်ဇင်းဥပဒေကို အကြံပေးတဲ့အခါမှာ စာနယ်ဇင်းသမားတွေကိုယ်တိုင်က လက်တွေ့ကြုံတွေ့နေရတဲ့အပေါ်မှာ မူတည်ပြီး အကောင်းဆုံးဖြစ်အောင် အကြံပေးကြပေါ့။ ဒါကို အလေးအနက်ထားဖို့ လိုတယ်။ အဲလိုမဟုတ်ဘဲ ဒီဥပဒေကြမ်းကို ဆက်သွားမယ်၊ ဒီဥပဒေ အတည်ဖြစ်သွားမယ်ဆိုရင် ဒီမိုကရေစီမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းမဏ္ဍိုင်ကြီးဟာ အမှောင်ကျသွားပြီလို့ ယူဆတဲ့အတွက် လုံးဝလက်မခံနိုင်လို့ သဘောထား ထုတ်ပြန်တာဖြစ်ပါတယ်။
ပိုမိုပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းကို ဦးတည်နေတဲ့အချိန်မှာ ပြည်သူနဲ့အစိုးရ ယန္တရားကြား အဓိက ဆက်သွယ်ရာမှာ စာနယ်ဇင်းတွေဟာ အဓိကကျတဲ့အတွက် ထိန်းချုပ်လိုက်ပါက အရင် အစိုးရ လက်ထက်က အခြေအနေကို ပြန်ရောက်သွားမယ်လို့ ဆိုပါတယ်။
ဘယ်လိုအနေအထားမှာ ရောက်ရောက် စာနယ်ဇင်းလွတ်လပ်ခွင့်ရှိသင့်ပြီးတော့ အစိုးရ လွတ်တော်တရား မဏ္ဍိုင်တွေရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူတွေ သိရှိနိုင်ပြီး နိုင်ငံသားတန်ဖိုး အပြည့်အ၀ ခံစားရမယ်လို့ ဆိုပါတယ်။
ဒီဥပဒေကြမ်းမှာပါတဲ့ တချို့ပြဋ္ဌာန်းချက်တွေဟာ မီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ထားပြီး ချိုးဖောက်ရင် ထောင်ဒဏ် ငွေဒဏ်တွေ ချမှတ်ဖို့ကိုလည်း ခွင့်ပြုထားပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဥပဒေကြမ်းကို ရုပ်သိမ်းပေးဖို့ သတင်းလွတ်လပ်ခွင့်ကော်မတီကလည်း မတ် ၁၂ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံ စာပေထုတ်ဝေသူနဲ့ ဖြန့်ချိသူများအသင်းကတော့ ဒီဥပဒေကြမ်းကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
