အိန္ဒိယက ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်စ္စည်းများ အမေရိကန်ထံမှ ဝယ်ယူမည်

Reuters
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံဟာ တိုက်ခိုက်ရေး ရဟတ်ယာဉ် အပါအဝင် အမေရိကန် ဒေါ်လာ ၃ ဘီလီယံ တန်ဖိုးရှိတဲ့ စစ်ဘက်ပစ္စည်းတွေ ဝယ်ယူသွားမယ်လို့ သမ္မတထရမ့်က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြောလိုက်ပါတယ်။  ဒေသတွင်း တရုတ်သြဇာလွှမ်းမိုးတာကို ဟန်ချက်ညီအောင်လုပ်တဲ့အနေနဲ့ အမေရိကန်နဲ့ အိန္ဒိယတို့ဟာ ကာကွယ်ရေးနဲ့ ကုန်သွယ်မှု ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် ကြိုးပမ်းနေပါတယ်။ ကုန်သွယ်ရေး သဘောတူညီချက်မှာ နှစ်နိုင်ငံ တိုးတက်တာတွေ ရှိတယ်လို့လည်း သမ္မတ ထရမ့်က ပြောပါတယ်။ လယ်ယာထွက်ကုန်ပစ္စည်း၊ ဆေးဘက်ပစ္စည်း၊ ဒစ်ဂျစ်တယ်ကုန်သွယ်ရေးနဲ့  သွင်းကုန်ခွန်သစ် ကိစ္စရပ်တွေမှာ ကွာဟချက်တွေ နည်းအောင် နှစ်ဖက်ညှိနှိုင်းရေးမှူးတွေ လချီကြာ ဆွေးနွေးနေပါတယ်။ ကုန်သွယ်ရေး အငြင်းပွားမှုနဲ့ပတ်သက်လို့ ရှေ့ဆက်ဆောင်ရွက်မယ့် ကိုယ်စားလှယ်အဆင့် ဆွေးနွေးပြီးနောက်မှာ ထရမ့်နဲ့ မိုဒီတို့ နှစ်ယောက်ချင်း ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာတော့ အိန္ဒိယတပ်မတော်အတွက် ရဟတ်ယာဉ်ဝယ်ယူတဲ့ သဘောတူညီချက် ရေးထိုးပြီး သူ့ခရီးစဉ်ဟာ အကျိုးဖြစ်ထွန်းတယ်လို့ ထရမ့်က ပြောပါတယ်။  အိန္ဒိယနိုင်ငံဟာ  အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ တန်ဖိုးရှိတဲ့ SeaHawk  ရဟတ်ယာဉ် ၂၄ စင်းကို လော့ဟိမာတင်ကုမ္ပဏီဆီကနေ ဝယ်ယူမှာဖြစ်ပြီး အပါချီ ရဟတ်ယာဉ် ၆ စင်း မှာယူဖို့လည်း စီစဉ်ထားပါတယ်။ အိန္ဒိယနိုင်ငံဟာ တရုတ်နဲ့ ကွာဟချက် ကျဉ်းမြောင်းစေဖို့ သူရဲ့ စစ်တပ်ကို ခေတ်မီအောင် ကြိုးပမ်းနေပြီး အစဉ်အလာရောင်းချသူ ရုရှားကို ကျော်ကာ အမေရိကန်နိုင်ငံဆီက စစ်ဘက်ပစ္စည်းတွေ တိုးမြှင့်ဝယ်ယူနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up