လက်ပန်းတောင်း အစီရင်ခံစာကို ၀မ်ပေါင်ကုမ္ပဏီ ကြိုဆို
DVB
·
March 13, 2013
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင်ရဲ့ အစီရင်ခံစာကို ကြိုဆိုထောက်ခံတယ်လို့ ၀မ်ပေါင်မိုင်းနင်းကော့ပါးကုမ္ပဏီက ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။
ကြေညာချက်ထဲမှာ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာကို ကုမ္ပဏီက ၀မ်းပမ်းတသာဖြင့် ကြိုဆိုကြောင်း၊ ဒေသ စီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်မှု အသီးသီးကို အလေးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံမှာ ကနဦး ရင်းနှီးမြှုပ်နှံမှုနဲ့ နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုတဲ့အတိုင်း ဆောင်ရွက်ခဲ့တဲ့အပြင် ဒေသခံတွေရဲ့ စီးပွားရေးနဲ့ လူမှုရေး စဉ်ဆက်မပြတ်တိုးတက်မှုကို ပိုမိုအလေးထား ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီအနေနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ စီမံကိန်း ပတ်ဝန်းကျင်ရှိ မိသားစုဝင်တွေနဲ့ သားသမီးတွေရဲ့ လူမှုဘ၀ ပိုမိုကောင်းမွန်အောင် ကြိုးစားဖြည့်ဆည်းပေးသွားမယ် လို့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကလည်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြအကြံပြုချက်တွေကို ၀န်ကြီး ဌာနတွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ ဆောင်ရွက်သွားမယ့်အပြင် နိုင်ငံတကာအဆင့်မီ ပြည်ပကျွမ်းကျင်သူ ကုမ္ပဏီတွေကို ငှားရမ်းပြီး စနစ်တကျ ဆောင်ရွက်သွားမယ်လို့ ၁၂ ရက်နေ့စွဲနဲ့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
