ပစ်သတ်ခံရသည့် ထိုင်းဗိုလ်မှူးကြီး၏ ငွေကြေးအရှုပ်တော်ပုံ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်က ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင် ခိုရတ်မြို့မှာ အရာခံဗိုလ်အဆင့်ရှိ ထိုင်းစစ်သားတဦးက သူ့အထက် တပ်မှူး၊ တပ်မှူး ယောက္ခမနဲ့ မြေပွဲစားတို့ကို ပစ်ခတ်ပြီး ကုန်တိုက်ကြီးထဲ ဝင်ရောက်ပစ်ခတ်တဲ့အတွက် လူ ၂၉ ဦး သေဆုံးပြီး ၅၈ ဦး ဒဏ်ရာရခဲ့ပါတယ်။ ပစ်ခတ်မှုကျူးလွန်သူ အသက် ၃၂ နှစ်ရွယ် ထိုင်းစစ်သာ ကျကဖန်း ထုမ်မားဟာလည်း ရဲတွေရဲ့ အသေပစ်ခတ်ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။ အဆိုပါ ထိုင်းစစ်သားဟာ ဟော့ရမ်းဆိုးသွမ်းမှုရာဇဝင် မရှိခဲ့ဘဲ အမေတခု သားတခုဘဝနဲ့ မုဆိုးမမိခင်ကို ရှာကျွေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။  ကျကဖန်းကို ရင်းနှီးသူတွေကတော့ သူ့ရဲ့နဂိုရာထူးဖြစ်တဲ့ တပ်ကြပ်ကြီး ကြာကျူတ်လို့ပဲ ခေါ်ကြပါတယ်။  အမည်ဆိုးမရှိခဲ့တဲ့ ကြာကျူတ်က ခုလို လူပေါင်းများစွာ သေကျေဒဏ်ရာရအောင် သောင်းကျန်းခဲ့ရတဲ့အပေါ် ထိုင်းသတင်းမီဒီယာတွေက စုံစမ်းရေးသားကြရာမှာ အပစ်ခံရသူ ဗိုလ်မှူးကြီးနဲ့ သူ့ယောက္ခမတို့က လက်အောက်ငယ်သားတွေအပေါ် ငွေကြေး ခေါင်းပုံဖြတ်မှုကို မခံမရပ်နိုင်လို့  ကျူးလွန်ခဲ့ရကြောင်း တွေ့ရှိခဲ့ပါတယ်။  ထိုင်းစစ်တပ်ထဲမှာ တပ်ဖွဲ့ဝင်တွေက အမှုထမ်းနေချိန် တပ်အိမ်ရာမှာ နေထိုင်ခွင့်ရှိပြီး တပ်က ထွက်တဲ့အခါ ဒါမှမဟုတ် ပင်စင်ယူတဲ့ခါ နေဖို့အိမ် လိုအပ်လာပါတယ်။  အဲဒီပြဿနာဖြေရှင်းတဲ့အနေနဲ့ ထိုင်းစစ်တပ်ထဲမှာ သက်သာချောင်ချိရေး ငွေစုငွေချေးဌာန ဆိုတာ ဖွင့်လှစ်ထားပါတယ်။  တပ်ဖွဲ့ဝင်တယောက်အနေနဲ့  အိမ်နဲ့မြေ ဝယ်မယ်ဆိုရင် သူ့ရာထူးလစာအပေါ် မူတည်ပြီး သက်သာချောင်ချိရေးဌာနကနေ ငွေချေးခွင့်ရှိကာ လစာကနေ အကြွေးကြေသည်ထိ နှစ်ရှည် ပြန်ဖြတ်ခံရပါတယ်။  ပစ်ခတ်မှုကျူးလွန်သူ ကြာကျူတ်ဟာ သူ့ရဲ့အရာခံဗိုလ်ရာထူးနဲ့ အိမ်နဲ့မြေဝယ်ဖို့ ဘတ် ၁ သန်း ၅ သိန်းထိ ချေးယူခွင့်ရှိပါတယ်။  ဒါပေမဲ့ ငွေချေးမယ်ဆိုရင် သက်ဆိုင်ရာတပ်မှူးဖြစ်တဲ့ ဗိုလ်မှူးကြီးက ထောက်ခံကြောင်း လက်မှတ်ထိုးရပါတယ်။ အဆိုပါငွေကိုလည်း ဝယ်မယ့်မြေနဲ့ ဆောက်တဲ့နေအိမ်ကို ပြနိုင်မှ ချေးလို့ ရပါတယ်။  တပ်ဖွဲ့ဝင်တွေအနေနဲ့ မြေကွက်အိမ်ယာတွေ ဝယ်ယူဖို့ လိုအပ်ကြောင်း သိရှိတဲ့ တပ်မှူးကြီးဟာ သူ့ယောက္ခမအမည်နဲ့ မြေကွက်ရှာပြီး အိမ်ရာဆောက်လုပ်ရေး စီမံကိန်း လုပ်ငန်းကို လုပ်ကိုင်ပါတော့တယ်။ ဒါပေမဲ့ သူကတော့ ငွေမကိုင်ဘဲ လက်အောက်ငယ်သားတွေကို ထောက်ခံစာရေးပေးတာပဲ လုပ်ပါတယ်။  တပ်မှူးကြီးယောက္ခမ နန်းအနုံးဟာ မြေကွက်နဲ့အိမ် ၁ လုံးကို ဘတ် ၁ သန်းသာ ကုန်ကျအောင် ကန်ထရိုက်နဲ့ ညှိနှိုင်းဆောက်လုပ်ပေးမယ့်အကြောင်း၊ ကျန်တဲ့ ပိုငွေ ၅ သိန်းကိုတော့ သက်ဆိုင်ရာတပ်သားအနေနဲ့ အိမ်ပရိဘောဂ လိုအပ်တာသုံးလို့ရအောင် ပြန်အမ်းပေးမှာဖြစ်ပြီး အိမ်ဝယ်မယ့်ဖောက်သည်တွေ ရှာပေးရင် ပွဲစားခလည်း ပေးဦးမယ်လို့ စည်းရုံးခဲ့ပါတယ်။  ဒါကြောင့် ကြာကျူတ်ဟာ မိခင်ကြီး အေးအေးလူလူ နေထိုင်ဖို့ အိမ်ခြံဝယ်ယူတဲ့အပြင် အခြားဖောက်သည်တွေလည်း ရှာပေးခဲ့ပါတယ်။  ဒါပေမဲ့ မနှစ်က အိမ်ဆောက်ပြီးစီးသွားတော့ ၁ သန်းနဲ့ ၁ သိန်းကုန်ကျပြီး ကြာကျူတ်အနေနဲ့ ဘတ် ၄ သိန်း ပြန်ရဖို့ရှိကြောင်း၊ အဆိုပါငွေတွေ ပြန်ရဖို့ အကြိမ်ကြိမ် သွားတောင်းရာမှာ တပ်မှူး ဗိုလ်မှူးကြီးက ကူမတောင်းပေးတဲ့အပြင် တပ်ထောင်ထဲ ချပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။   တပ်တွင်းသဘောအရ လက်အောက်ငယ်သားတွေဟာ မိမိအထက်အရာရှိကို အလွန်ကြောက်ရွံ့ရိုသေရတာကြောင့် ကြာကျူတ်ဟာ စိတ်တွေဖိစီးပြီး ညညဆို နံရံကို ထိုးထုလေ့ရှိတယ်လို့ ဘဝတူတပ်သားက သတင်းထောက်ကို ပြောပါတယ်။  အခင်းဖြစ်တဲ့နေ့ကတော့ နန်းအနုံး၊ ကြာကျုတ်နဲ့ ပွဲစားတို့ မျက်နှာချင်းဆိုင်ဖြေရှင်းဖို့ ချိန်းဆိုလိုက်ကြပြီး တပ်မှူးကြီးက သက်သေအဖြစ် လာရောက်ခဲ့ပါတယ်။ အိမ်ဆောက်လို့ ပိုတဲ့ငွေတချို့ကို ပွဲစားက ကြာကျုတ်နဲ့တကွ အခြားအိမ်ဝယ်သူ တပ်ဖွဲ့ဝင်တွေနဲ့အတူ အောင်ပွဲအနေနဲ့ သောက်စားပျော်ပါးခဲ့ကြောင်း၊ ပွဲစားနဲ့ နန်းအနုံးကြားမှာလည်း ငွေအရှုပ်အရှင်းဖြစ်နေပြီး ညှိနှိုင်းတာမပြေလည်တဲ့အပြင် တပ်မှူးကြီးရဲ့ ပြစ်တင်မှုကိုပါ ထပ်ခံရလို့ မခံမရပ်နိုင်ဘဲ လူသတ်မှုဖြစ်ခဲ့တာလို့ အတွင်းသိတွေက သတင်းထောက်ကို ပြောပါတယ်။  တပ်မှူးကတော်ကတော့ ကြာကျူတ် ရရန်ရှိတဲ့ငွေဟာ ဘတ် ၅ သောင်းမျှသာဖြစ်ပြီး သူမမိခင် နန်းအနုံးက ပြေလည်သွားအောင်လို့ ကြာကျုတ်ရမယ့်ငွေအတွက် ပွဲစားကို ငွေပြန်ချေးပေးပြီး လက်မှတ်ထိုးခိုင်းကြောင်း၊ တပ်မှူးကြီးကလည်း မင်းတို့ဘာသာ အပြင်မှာ သွားရှင်းကြလို့ ဆူလိုက်တာနဲ့ ကြာကျူတ်က သေနတ်နဲ့ ပစ်ထည့်လိုက်တာလို့ ဆိုပါတယ်။  အဆိုပါ တပ်မှူး ဗိုလ်မှူးကြီးရဲ့ အိမ်ရာစီမံကိန်းမှာ အိမ်ဝယ်ခဲ့သူ တပ်ဖွဲ့ဝင် ၁ ဦးကလည်း နန်းအနုံးက အိမ်ဆောက်ငွေပို အားလုံးပြန်မပေးတာကို သူရော တခြားသူပါ ခံခဲ့ရကြောင်း၊ သူကတော့ ဘတ် ၄ သိန်းရရန်ရှိပြီး တလုံးတခဲမရဘဲ တခါသွားတောင်းရင် ၂ ထောင် ၃ ထောင်၊ ၁ သောင်း စသဖြင့် အလီလီပေးခဲ့ပြီး သည်းခံတောင်းယူခဲ့တာတောင်မှ ၃ သိန်းခွဲပဲ ပြန်ရတယ်လို့ ဆိုပါတယ်။  ဒီမတိုင်ခင် နန်းအနုန်းက ကြာကျုတ်ကို ငွေပြန်ရချင်ရင် တရားရုံးကနေ ပြန်တောင်းလို့ ပြောခဲ့ကြောင်း၊ ဒါပေမဲ့ အိမ်ကို ဘတ် ၁ သန်းခွဲ တန်ဖိုးတင်ပြီး ငွေချေးထားတော့ တရားရုံး တက်လည်း ရှုံးမယ့်အနေအထားမှာ ရှိနေတာလို့ တပ်ဖွဲ့ဝင်က ပြောပါတယ်။  သူတို့ အဲဒီအိမ်ဝယ်တဲ့ကိစ္စ လိပ်ခဲတည်းလည်းဖြစ်နေကြတာ ၂၀ ဦးလောက်ရှိပြီး အခင်းမဖြစ်ခင် မနက်ကတော့ ကြာကျူတ်က သူ့အပေါင်းအသင်းတွေကို မင်းတို့ ဒီကနေ့ စိတ်လှုပ်ရှားစရာတွေ တွေ့ရမယ်လို့ ပြောခဲ့သေးတယ်လို့ ဆိုပါတယ်။  တပ်ထဲမှာ အခုလို ငွေစုငွေချေးအရှုပ်အရှင်းက ဒီအမှတ် ၂ တိုင်းဒေသ လက်နက်တပ်ရင်းတခုတည်းတင် မဟုတ်ဘဲ တခြားတပ်ရင်းတွေမှာလည်း ကွန်ဒိုတိုက်ခန်း အရစ်ကျဝယ်ရင်း ဖြစ်တဲ့ပြဿနာ၊ ပင်စင်ယူတဲ့ တပ်ဖွဲ့ဝင်နဲ့ တပ်ရင်း ပြောင်းရွှေ့ တပ်ဖွဲ့ဝင်တချို့ဟာ ကိုယ်နေခဲ့တဲ့ အိမ်ကို ပြန်မအပ်ဘဲ ဆက်နေ ဒါမှမဟုတ် ဆွေမျိုးတွေ လက်အပ် ဒါမှမဟုတ် တဆင့်ပြန်ငှားလိုက်တော့ တပ်ထဲမှာ နေအိမ် မလောက်ငတဲ့ ပြဿနာတွေလည်း ရှိနေပါတယ်။  ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဖိရတ် ခုံးဆုမ်ဖုန်းက တပ်ထဲက ပြဿနာတွေကို သူ့ရဲ့ လပိုင်းလောက်သာ ကျန်တော့တဲ့ စစ်ဦးစီးချုပ်သက်တမ်းမှာ ပြေလည်အောင် ဖြေရှင်းပေးခဲ့လိုကြောင်း၊ တပ်ထဲမှာ ရာထူးကြီးသူက ရာထူးငယ်တဲ့သူတွေပေါ် ဗိုလ်ကျ အနိုင်ကျင့်မှု ရှိနေတာကို သိရှိကြောင်း၊ အိမ်ဖယ်ပေးရမယ့် ပင်စင်စား၊ အနားယူ၊ တပ်ပြောင်း ဝန်ထမ်းတွေ ဖယ်မပေးတဲ့ပြဿနာ ဒီဖေဖော်ဝါရီလအကုန် ရှင်းလင်းမယ်လို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။  ဒါ့အပြင် တပ်မတော်သားတွေအနေနဲ့ မိမိအထက်အရာရှိတွေ အနိုင်ကျင့်ခံနေရတာ၊ တပ်ထဲက မတရားမှုတွေ ခံနေရတာတွေကို ရင်ဖွင့်နိုင်ဖို့ လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ကျရင် ဟစ်တိုင်အွန်လိုင်းတခု ဖွင့်လှစ်မယ့်အကြောင်း၊  အဆိုပါလိုင်းကို မနက် ၈ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်လက်ခံထားမှာဖြစ်ပြီး ရင်ဖွင့်တိုင်ကြား လိုသူအနေနဲ့ မိမိအမည်၊ ကိုယ်ပိုင်အမှတ်၊ တပ်ရင်းတပ်ဖွဲ့အမည်တွေ ပြောရမှာဖြစ်ကြောင်း၊ တိုင်တန်းတဲ့ အကြောင်းအရာကိုတော့ လျှို့ဝှက်ပေးထားမယ်လို့ ဆိုပါတယ်။  တပ်ထဲက သက်သာချောင်ချိရေး ငွေစုငွေချေးကိစ္စ၊ တပ်စီးပွားရေးကိစ္စတွေကို သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့အနေနဲ့ တိုက်ရိုက် စီမံခွင့်ပြုတော့မှာ ဟုတ်တော့ကြောင်း၊ ဂေါက်ကွင်းနဲ့ လက်ဝှေ့အားကစားရုံတွေက ရရှိတဲ့ တပ်ဝင်ငွေတွေကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာနကို လွှဲပြောင်းစီမံစေမှာဖြစ်ပြီး မကြာခင် အမ်အိုယူ သဘောတူ လက်မှတ်ထိုးမယ်လို့ ဗိုလ်ချုပ်ကြီး အဖိရတ်က ပြောပါတယ်။  ခိုရတ်ပစ်ခတ်မှုကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်အပေါ် ပြစ်တင်ဝေဖန်တာတွေ ရပ်တန့်ဖို့၊ သူ(ဦးစီးချုပ်) တဦးတည်းကိုသာ ပြစ်တင်ဆဲဆိုဖို့ ဒီမတိုင်ခင် သတင်းစာရှင်းပွဲမှာ မျက်ရည်ကျရင်း ပြောကြားခဲ့ပါတယ်။  ခိုရတ်ပြဿနာကြောင့် တပ်ချုပ်ကြီးအနေနဲ့ ရာထူးက နုတ်ထွက်မှာလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ ဒီပြဿနာဟာ ကျူးလွန်သူရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာသာဖြစ်ပြီး ရာဇဝတ်မှု ကျူးလွန်တာကြောင့် သူ့အနေနဲ့ တာဝန်ယူနုတ်ထွက်ပေးဖို့ မထိုက်တန်ကြောင်း၊ သူက ညွှန်ကြားစေခိုင်းလို့ လွှဲချော်မှုတွေ ရှိခဲ့တဲ့ လုပ်ငန်းတွေမှာတော့ တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိခဲ့တယ်လို့ ဖြေကြားသွားပါတယ်။  ပစ်ခတ်မှုကျူးလွန်သူ ကြာကျူတ်ရဲ့ မိခင်မှာ သားဖြစ်သူမှ သောင်းကျန်း ရမ်းကားနေတာကို တွေ့လိုက်ရတဲ့နောက် စိတ်ထိခိုက်လွန်းပြီး မေ့မြောသွားခဲ့ပါတယ်။ သားဖြစ်သူရဲ့ အလောင်းကို ထုံးတမ်းစဉ်လာအတိုင်း အသုဘချဖို့ သက်ဆိုင်ရာက ခွင့်ပြုခဲ့ပေမယ့် အလောင်းကို ရပ်ကွက်ထဲ သယ်လာရင် လူတွေ ဝိုင်းချကြမှာစိုးလို့ ခုထိ မသယ်ရဲသေးဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။  သူမမှာ ပတ်ဝန်းကျင်ရဲ့ ဝေဖန်ပြစ်တင်ရှုတ်ချမှုတွေ ခံနေရတဲ့ထဲက သားဖြစ်သူ အိမ်ဝယ်ဖို့ ချေးငှားထားတဲ့ ဘတ်ငွေ ၁ သန်းခွဲ ပြန်ပေးဆပ်ဖို့ အကြွေးတွေလည်း ကျန်ရှိနေပါတယ်။  ကိုးကား - ထိုင်းရတ် / Workpoint News / Thai PBS / Ejan / PPTV36/matichon

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up