လီဗာပူးအသင်းက ထွက်ခွာခဲ့သည့်အပေါ် နောင်တရနေမည်မဟုတ်ဟု  ကော်တင်ဟိုပြော

လီဗာပူးအသင်းပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိနေတဲ့အပေါ် အံ့သြမှုမရှိသလို အသင်းကနေ ထွက်ခွာခဲ့တဲ့ ဆုံးဖြတ်ချက်ကိုလည်း နောင်တမရဘူးလို့ လီဗာပူးကစားသမားဟောင်း ဖိလစ်ပီကော်တင်ဟိုက ပြောပါတယ်။ ကော်တင်ဟိုဟာ ၂၀၁၈ ဇန်နဝါရီ အပြောင်းအရွှေ့မှာ လီဗာပူးအသင်းကနေ ဘာစီလိုနာ အသင်းကို ပေါင် ၁၄၆ သန်းနဲ့ ပြောင်းရွေ့သွားခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်အ သင်းမှာ အငှားသွားရောက်ကစားနေပါတယ်။  ဘရာဇီးကွင်းလယ်ဖန်တီးရှင်ဟာ ဘာစီလိုနာကို ရောက်ရောက်ချင်းမှာ အသင်းအတွက် ခြေ စွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့တောင် ရုန်းကန်ခဲ့ရပါတယ်။  ဒါပေမဲ့ တဘက်မှာတော့ အသင်းဟောင်း လီဗာပူးဟာ သူ့ကို ရောင်းထုတ်တာကနေ ရရှိခဲ့တဲ့ ငွေကြေးတွေနဲ့ နောက်ခံလူ ဗန်ဒိုက်နဲ့ ဂိုးသမားအလီဆင်တို့လို ကစားသမားကောင်းတွေကို ပြန်လည်ဝယ်ယူလိုက်နိုင်ပါတယ်။ ဒီကစားသမားနှစ်ဦးနဲ့ အသင်းရဲ့ရှိရင်းစွဲကစားသမားတွေ ပေါင်းစည်းမှုကြောင့် လီဗာပူး အသင်းရဲ့ ခြေစွမ်းဟာ သိသိသာသာ တည်ငြိမ်လာခဲ့ပြီး ပြီးခဲ့တဲ့နှစ်မှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူး နိုင်ခဲ့ပါတယ်။  ဒီနှစ်မှာလည်း လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၂၂ မှတ် ဖြတ်ကာ ဦးဆောင်နေပြီးတော့ ဖလားရရှိဖို့ လက်တကမ်းအကွာကို ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။  လီဗာပူးအသင်းဟာ အရမ်းကို ကောင်းမွန်တဲ့အသင်း ဖြစ်နေပြီးတော့ ဒီလို အခြေအနေမျိုး ဖြစ်လာတာကို ကျနော် မအံ့သြမိပါဘူးလို့ ကော်တင်ဟိုက ပြောပါတယ်။  “သူတို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ နည်းပြတယောက် ရှိနေမှတော့ ဒီလို အောင်မြင်မှုတွေ ရရှိလာတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ ကျနော် သူတို့အတွက် ဂုဏ်ယူသလို ပျော်လည်း ပျော်ရွှင်ရပါတယ်။ အဲဒီမှာ ကျနော့်သူငယ်ချင်းတွေ၊ အသင်းဖော်ဟောင်းတွေလည်း ရှိနေဆဲပါ။ ဒါပေမဲ့ ဒီကိစ္စက ဒီလောက်ပါပဲ။ ကျနော် အတိတ်ကို ပြန်ကြည့်ပြီးတော့ ခံစားနေမှာ မဟုတ်ပါဘူး။ ကျနော် လမ်းအသစ်ကို ရွေးချယ်ခဲ့ပြီးတော့ အခုဆို ကျနော်ဟာ နောက်ထပ် ခရီးတခုကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ကျနော် ဒါကို တခြားလူတွေလိုပဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီးတော့ ကျနော့်အိပ်မက်တွေေ အကောင်အထည်ဖော်သွားနိုင်ဖို့ပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်။ ကျနော် အတိတ်မှာ လုပ်ဆောင်ခဲ့တဲ့အရာတွေအတွက် ပျော်ရွှင်နေပြီး တော့ ကျနော် အနာဂတ်ကိုပဲ အာရုံစိုက်ထားပါတယ်” လို့ ကော်တင်ဟိုက ပြောပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာ ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားကို ဦးဆောင်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up