ဖာမီနိုကို ပေါင် ၇၅ သန်းဖြင့် ခေါ်ယူရန် ဘိုင်ယန်မြူးနစ် ပြင်ဆင်

(Picture: Getty)
ဘွန်ဒက်စ်လီဂါ အင်အားကြီး ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ရောဘတ်တိုဖာမီနိုကို ပေါင် ၇၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဘရာဇီး လက်ရွေးစင် ကစားသမား ဖာမီနိုဟာ ဂျာမနီကလပ် ဟော့ဖင်ဟိမ်းအသင်းကနေ လီဗာပူးအသင်းကို ၂၀၁၅ ခုနှစ်မှာ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အင်္ဂလန်မြေကို ရောက်ရှိလာချိန်ကစလို့တော့ ဒီကစားသမားဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲက တဦးအဖြစ် ခြေစွမ်းပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ လီဗာပူးအသင်းအတွက် ၂၂၈ ပွဲ ကစားထားပြီး ၇၈ ဂိုး သွင်းယူထားနိုင်သူဖြစ်ကာ ပြီးခဲ့တဲ့နှစ်မှာလည်း အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကစားသမားဟာ ဒီရာသီမှာလည်း လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးဖို့အတွက် အနီးကပ်ဆုံး အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်းနည်းပြ ယာဂန်ကလော့ဟာ ဘရာဇီးကစားသမားကို အသင်းအတွက် အရေးပါဆုံး ကစားသမားတွေထဲက တဦးအဖြစ် သတ်မှတ်ထားပြီး ဘိုင်ယန်မြူးနစ်ဘက်ကသာ အမှန်တကယ် ကမ်းလှမ်းလာခဲ့ပါက ကစားသမားကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားရတော့မှာ ဖြစ်ပါတယ်။ ဘိုင်ယန်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းလူစာရင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ဖာမီနိုဟာ သူတို့ရဲ့ ထိပ်တန်းပစ်မှတ်ကစားသမားတဦး ဖြစ်တယ်လို့ The Sun သတင်းမှာ ဖော်ပြပါတယ်။  ဘိုင်ယန်မြူးနစ် နည်းပြ ဟန့်စ်ဖလစ်က ဖာမီနိုရဲ့ခြေစွမ်းကို သဘောကျနေပြီး အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးကို ဖာမီနိုအပြင် မန်စီးတီးအသင်းကနေ ခေါ်ယူဖို့ ကြိုးစားနေတဲ့ လီရွိုင်းဆာနေးတို့နဲ့အတူ ဝန်းရံကစားစေဖို့ စီစဉ်နေပုံရပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း လီဗာပူးအသင်းက အားထားရတဲ့ တိုက်စစ်မှူးကို အလွယ်တကူ လက်လွှတ်ခံမယ့် အနေအထားမျိုးမှာ ရှိမနေဘဲ လိုက်ပစ်ဇ်အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူနိုင်မှ ဖာမီနိုကို ရောင်းထုတ်ဖို့ စဉ်းစားမယ့်အနေအထားမျိုးမှာ ရှိနေပါတယ်။ ဖာမီနိုဟာ ဘောလုံး ဝေဖန်သုံးသပ်သူတွေရဲ့ ချီးကျူးမှုကို ရရှိထားတဲ့ ကစားသမားတဦး ဖြစ်ပြီး ယူနိုက်တက် ဂန္ထဝင်ကစားတဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်က “ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်နည်းပြမဆို ဖာမီနိုလို ကစားသမားမျိုးကို လိုချင်ကြလိမ့်မယ်” လို့ ထုတ်ဖော် ချီးကျူးခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up