ပစိဖိတ်ဒေသ ဖွံ့ ဖြိုးရေး သြစတြေးလျနှင့် အင်ဒိုနီးရှား လက်တွဲအလုပ်လုပ်ရမည်ဟု သမ္မတဝီဒိုဒိုပြော

REUTERS/Soe Zeya Tun/File Photo
ပစိဖိတ်ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့ သြစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ လက်တွဲ အလုပ်လုပ်ရမယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ဒီဇင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။ အင်ဒိုနီးရှားအစိုးရဟာ ဒေသတွင်း ပိုကြီးတဲ့ သြဇာလွှမ်းမှု အရှိန်ရလာနေပါတယ်။ သြစတြေးလျ လွှတ်တော်အတွင်း အင်ဒိုနီးရှားသမ္မတ မိန့်ခွန်းပြောချိန်မှာ ဝီဒိုဒို ဒေသတွင်း သြစတြေးလျနဲ့ လက်တွဲဖို့ အဆိုပြုခဲ့တာပါ။ ဝီဒိုဒိုဟာ အစောပိုင်းက သြစတြေးလျ ဝန်ကြီးချုပ် စကော့တ်မောရစ်ဆင်နဲ့ မြို့တော် ကင်ဘာရာမှာ တွေ့ဆုံပြီး ကုန်သွယ်ရေး စွမ်းအင်ရေးရာနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအကြောင်း ဆွေးနွေးခဲ့ပါသေးတယ်။ အဲဒီနောက် အားလုံးပါဝင်တဲ့ ဗျူဟာမြောက် မိတ်ဖက်ဖြစ်မှုအတွက် လုပ်ဆောင်ချက် စီမံကိန်းကို နှစ်နိုင်ငံလုံးက နိုင်ငံခြားရေးဝန်ကြီးတွေ လက်မှတ်ရေးထိုးရာမှာ သက်သေပြုခဲ့ပါတယ်။ “နိုင်ငံသေးသေးလေးတွေမှာ ကပ်ဘေးသက်သာရေး ဒါမှမဟုတ် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေပေးဖို့ အမေရိကန် ဒေါ်လာ ၂၁၉ သန်းကျော် တန်ဖိုးရှိတဲ့ ရန်ပုံငွေကို ဖန်တီးမယ်။ ဖီဂျီနဲ့ ပါပူအာ နယူးဂီနီနိုင်ငံတွေနဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရအောင် ကြိုးစားမယ်။ တခြား ပစိဖိတ်ကျွန်းနိုင်ငံ အတော်များများနဲ့ သံတမန်ဆက်ဆံရေး တည်ဆောက်မယ်” လို့ အင်ဒိုနီးရှား အစိုးရက မနှစ်က ပြောပါတယ်။ တရုတ်ရဲ့ သြဇာကိုတန်ပြန်ဖို့ အနောက်အင်အားကြီးနိုင်ငံတွေက အင်ဒိုနီးရှားနိုင်ငံကို သံခင်းတမန်ခင်းတွေ၊ စစ်ဘက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကူအညီတွေပေးရင်း အာရုံစိုက်မှု တိုးနေပါတယ်။ လတ်တလောနှစ်တွေအတွင်း ပစိဖိတ်နိုင်ငံ အများအပြားဟာ ဘဏ္ဍာရေးအရ တရုတ်ကို အားကိုးမှု တိုးလာနေလို့ တရုတ်အစိုးရက ဒီဆက်ဆံရေးအပေါ် အလွဲသုံးစားလုပ်မှာကို အနောက်အရာရှိတွေက စိုးရိမ်နေတယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up