ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ ထုတ်ပြောဖို့ပဲ ရှိတော့တယ်
ရွှေအောင်
·
March 4, 2013

ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ ထုတ်ပြောဖို့ပဲ ရှိတော့တယ်လို့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် ဦးလှဆွေက ပြောပါတယ်။ ဦးလှဆွေကို ကိုရွှေအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဒေါက်တာဆိတ်ဖွား စုံစမ်းစစ်ရေးရေးကော်မရှင် ဘာတွေလုပ်နေလဲဆိုတာ သိချင်လို့ပါ။
“ကျနော်တို့ ဖြစ်နိုင်ချေတွေ အကုန်လုံးကို လိုက်နေတာပါပဲ။ အင်တာနက်က အကောင့်နံပါတ်တွေရော၊ ၀က်ဘ်ဆိုဒ်အကောင့်တွေရော အကုန်လုံးလိုက်ပါတယ်။ နောက်တခါ ဒေါက်တာဆိတ်ဖွားကို ၀င်ပြီးတော့ ကွန့်မန်ပေးတဲ့၊ အကျွမ်းတ၀င်ရှိတဲ့သူတွေကအစ အကုန်လုံးကို ခေါ်ပြီးမေးပါတယ်။ တာဝန်ရှိတဲ့ ၀န်ကြီးဌာနတွေရော၊ ပညာရှင်တွေရော အကုန်လုံး ခေါ်မေးတာပါ။”
ဒေါက်တာဆိတ်ဖွားဟာ အများပြောနေတာက အစိုးရ ထိပ်တန်းတာဝန်ရှိသူတဦးလို့လဲ ပြောဆို သုံးသပ်နေကြတယ်။ အန်ကယ်တို့ အန်ကယ်တို့ စုံစမ်းစစ်ဆေးချက်အရရော အစိုးရတာဝန်ရှိသူ၊ အစိုးရ၀န်ထမ်းဆိုတာ ဘယ်လောက်နီးစပ်လဲ။
“ကျနော်တို့ ဘယ်သူလို့ ပြောလိုက်ရုံပဲ ရှိတော့ပါတယ်။ ဘယ်သူဆိုတာ ပြောဖို့ရာ အကုန်လုံးကို မပြောဖို့ ဦးမြညိမ်း (စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ) က ကျနော်တို့ကို တာဝန်ပေးထားပါတယ်။ ဘယ်သူလို့ ပြောလိုက်ရုံပဲ ရှိတော့တယ်။”
ဖြည့်စွက်ပြောလိုတာရှိရင် ပြောပေးပါခင်ဗျ။
“ရှင်းရင်းပြောရရင် ဒေါက်တာဆိတ်ဖွားက ပြောချင်ရာ ပြောနေတာပေါ့။ ပြောချင်ရာ ပြောနေရာကနေ ပြောချင်တာ မပြောပါနဲ့ မှန်မှန်ကန်ကန်ပြောပါဆိုပြီး အဲဒီပုံစံဖြစ်အောင် သတ်မှတ်တဲ့သဘောပါပဲ။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီကို သွားနေတာ ပြောချင်ရာ ပြောလို့ရတဲ့ အခြေအနေတော့ မဟုတ်ဘူးပေါ့။ Wikilead က Julian Assange တို့တောင် အရေးယူခံရသေးတာပဲ။ သူ့ကို သတင်းထုတ်ပြန်ပေးတဲ့ အမေရိကန်သမ္မတတောင်မှ အရေးယူခံနေရသေးတာပဲ။ အဲဒါမျိုးတော့ ရှိတာပေါ့။ မှန်မှန်ကန်ကန် သွားမယ့်လမ်းကြောင်းမှာ ကျနော်တို့ မယိမ်းယိုင်ဖို့၊ ဒီမိုကရေစီရပြီဆိုပြီး ပြောချင်တာ ပြောလို့တော့ မရဘူး၊ အဲသဘောတော့ ရှိတယ်။”
ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလားလို့ အင်တာနက်မှာ ဝေဖန်ရေးသားခဲ့တဲ့ ဒေါက်တာဆိတ်ဖွားကို လွှတ်တော်က စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။
