ရသေ့တောင်တွင် တိုက်ပွဲဖြစ်ခဲ့သည်နေရာများအား တပ်မတော်က လေကြောင်းက ပစ်ခတ်
ဝဏ္ဏခွာညို
·
February 4, 2020
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တိုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို တပ်မတော်က ရဟတ်ယာဉ်နှစ်စီး၊ ဂျက်ဖိုက်တာနှစ်စီးတို့နဲ့ လာရောက်တိုက်ခိုက်နေတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံမျက်မြင်တွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့ နေ့လယ်ပိုင်း ၂ နာရီလောက်ကစတင်လို့ သမီးလှ -ကုန်တန်း၊ ကုလားချောင်း၊ မညင်းတောင်၊ ညောင်းပင်လှ၊ စတဲ့နေရာတွေကို လာရောက်ခိုက်တာလို့ ရသေ့တောင် မဲဆန္ဒနယ်မြေ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။
“ဂျက်တိုက်လေယာဉ်နှစ်စီး၊ ပြီးတာ့ ရဟတ်ယာဉ် နှစ်စီးတို့နဲ့လာတိုက်ခဲ့တာ၊ ပြီးခဲ့တဲ့ ၁ ရက်၊ ၂ ရက်နေ့ တွေက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာအနီးတဝိုက်ကို လာရောက်တိုက်ခဲ့တာဖြစ်တယ်။ အဲ့ဒီမှာတောင်ကုန်းတွေရှိတယ်။ မညင်းတောင်၊ ညောင်ပင်လှ၊ အမျက်တောင် ကျေးရွာတွေ၊ အဲ့ဒီအနီးတဝိုက်၊ ပြီးတော့ရေစိုချောင်း ဗျူဟာကုန်းကလက်နက်ကြီးတွေနဲ့ပစ်တာလည်းရှိတယ်။ ရသေ့တောင် တပ်ရင်းတွေပစ်တာလည်းရှိတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်အေအေတို့ ရသေ့တောင်းကုလားချောင်းကျေးရွာအနီးမှာ ဒီကနေ့ မနက်ပိုင်းအစောပိုင်းက နှစ်ဖက်တိုက်ပွဲအနည်းငယ်ဖြစ်ပြီးနောက်နေ့လယ်ပိုင်းမှာ သမီးလှ ကုန်တန်း၊ ကုလားချောင်း၊ ရေမျက်ကျေးရွာစတဲ့နေရာတဝိုက်ကို လာရောက်ပြင်းပြင်းထန်ထန် တိုက်ခဲ့တာဖြစ်တယ်လို့ ဦးခင်မောင်လတ်ပြောပါတယ်။
ဒီလိုပစ်ခတ်မှုတွေကြောင့်ကျေးရွာအနားတွေနဲ့ လယ်ကွင်းပြင်တွေ လက်နက်ကြီးကျလို့ မီးလောင်တာတွေရှိသလို ကျောက်ရန် သာစည်ရွာဘက်မှာ လက်နက်ကြီးကျည်ကျလို့ ပျက်စီးတာတွေရှိပြီး မပေါက်ကွဲသေးတဲ့လက်နက်ကြီး နှစ်လုံးရှိသေးတယ်လို့ သိရပါတယ်။
ကုန်တန်းကျေးရွာအုပ်ချုပ်ရေးမှူးက “သမီးလှရွာသစ်တံတားအနား၊ ပြီးတော့ ကျနော်တို့ရွာ ကုန်တန်းတောင်ဘက်ကို ပစ်တယ်။ မညင်းတောင်အနောက်ကို ပစ်တယ်။ ပြီတော့ မညင်းတောင် တောင်တန်းအဲ့ဒါတွေကို အားလုံးစီးပြီးတော့ ပစ်နေတယ်။ အခုလည်းပစ်တုန်း၊ ၂ နာရီဝန်းကျင် လောက် စပြီးတော့ပစ်နေတာ၊ ကျနော်တို့အားလုံး မြင်နေရတယ်။ လယ်ကွင်းပြင်ကျပြီးတော့ မီးလောင်နေတာတွေ၊ လေယာဉ်နှစ်စီးရယ်၊ ပြီးတော့ ဂျက်ဖိုက်တာ နှစ်စီးအဲ့ဒါတွေနဲ့ ပစ်နေတာကိုလှမ်းမြင်နေရတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို မသိရသေးဘူးလို့ ရသေ့တောင်လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောဆိုပါတယ်။
ဒီသတင်းကိုအသေးစိတ်ကိုသိရှိရဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဒီကနေ့နေ့လယ်ပိုင်း ၃ နာရီ ၄၅ မိနစ်မှာတကြိမ်၊ ၃ နာရီ ၅၂ မိနစ်မှာတကြိမ်၊ ၄ နာရီ ၂၈ မိနစ်မှာတကြိမ်ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်တာမရှိခဲ့ပါဘူး။ ဒါ့အပြင် ရက္ခိုင့်တပ်တော်အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။