ပွဲလမ်းသဘင်များ လျော့ချရန်နှင့် လိုအပ်မှကျင်းပရန် ကျန်းမာရေးဝန်ကြီး တိုက်တွန်း
ပိုင်စိုး
·
February 4, 2020
လတ်တလောပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူစုလူဝေးများပြားတဲ့ ပွဲလမ်းသဘင်တွေမှာ ပိုပြီးကူးစက်ပျံ့ပွားနိုင်တာကြောင့် ဒီကာလမှာ ပွဲလမ်းသဘင်တွေကို လိုအပ်မှ ကျင်းပဖို့နဲ့ တတ်နိုင်သမျှလျှော့ချဖို့ ကျန်းမာရေးဝန်ကြီးက တိုက်တွန်း ပြောပါတယ်။
မနေ့ကကျင်းပတဲ့ 2019 Novel Coronavirus (2019-nCoV) ကြောင့်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီအစည်းအဝေးမှာ ဗဟိုကော်မတီ ပူးတွဲဥက္ကဋ္ဌ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောခဲ့တာပါ။
ဗိုင်းရပ်စ်ပိုးအသစ်ကြောင့်ဖြစ်ဖြစ်တဲ့ ဒီရောဂါဖြစ်ပေါ်ပြောင်းလဲမှု သဘောသဘာဝ ဖြစ်စဉ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆက်လက်လေ့လာနေပြီး ရောဂါဖြစ်ပွားသူတယောက်ဆီက တခြားသူတွေဆီ ကူးစက်ပျံ့နှံ့နိုင်မှု အခြေခံနှုန်း (basic reproduction number (R0)) မြင့်တာကို ကွန်ပျူတာနဲ့ မျှော်မှန်းတွက်ချက်ရာမှာ တွေ့ရတယ်လို့ ပြောပါတယ်။
ဒီရောဂါဖြစ်ပွားပျံ့နှံ့နေတာဟာ တရုတ်နိုင်ငံမှာ နေ့တိုင်း ဆက်လက်မြင့်မားနေပြီး တခြား နိုင်ငံတွေကိုလည်း ကူးစက်ပျံ့နှံ့နေတာကြောင့် ဝန်ကြီးဌာနတွေအကြား စနစ်တကျ ချိန်သားကိုက် ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်တာ ကောင်းကောင်းလုပ်ရမှာဖြစ်သလို ဆက်သွယ်မှုလမ်းကြောင်း ကို တိတိကျကျ ချမှတ်ထားဖို့ အင်မတန်အရေးကြီးတယ်လို့ ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာလေဆိပ်တွေ၊ ရေဆိပ်တွေ၊ နယ်စပ်ဝင်၊ ထွက်ပေါက်တွေမှာ ကိုယ်ခန္ဓာ အပူချိန်တိုင်းကိရိယာတွေသုံးပြီး စောင့်ကြပ်ကြည့်ရှုနေပေမယ့် ရောဂါပျိုးချိန်ဟာ ၂ ရက်ကနေ ၁၄ ရက် အတွင်းရှိတာကြောင့် ရောဂါပိုးကူးစက်ခံရသူတွေအနေနဲ့ ရောဂါပျိုးချိန်အတွင်း ပြည်တွင်းကို ဝင်ရောက်လာရင် သူတို့မှာ သံသယရောဂါလက္ခဏာတွေကို တွေ့ရမှာ မဟုတ်ဘူးလို့ ဝန်ကြီးက ဆိုပါတယ်။
ဒါကြောင့် ဟိုတယ်၊ တည်းခိုခန်းတွေက တာဝန်ရှိသူတွေ၊ ခရီးသွားလမ်းညွှန်တွေ၊ အငှားကား၊ ဘတ်(စ်)ကားနဲ့ အဝေးပြေးယာဉ်မောင်းနှင်သူတွေ၊ ယာဉ်နောက်လိုက်တွေအနေနဲ့ နိုင်ငံတကာခရီးသည်တွေမှာ ရောဂါဖြစ်တဲ့ သံသယရောဂါလက္ခဏာတွေ တွေ့ရတာ၊ နာမကျန်း ဖြစ်တာတို့ကို တွေ့ရင် နီးစပ်ကျန်းမာရေးဌာနကို ချက်ချင်း တယ်လီဖုန်းနဲ့ အကြောင်းကြားပေးဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေမှာ ကောလာဟလသတင်းတွေ ဖြန့်ဝေနေတာကို ခြေဖျက်ဖို့ အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာ www.mohs.gov.mm ကနေ အချိန်နဲ့တပြေးညီ သတင်းထုတ်ပြန်ပေးနေပြီး ဝန်ကြီးဌာန အသီးသီးအနေနဲ့လည်း ပုံမှန်ကြည့်ရှုစေချင်သလို ကောလာဟလသတင်းတုတွေကို ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ သတင်းတွေနဲ့ တိုက်ဆိုင်စိစစ်စေလိုတယ်လို့လည်း ဒေါက်တာမြင့်ထွေးက တိုက်တွန်းပါတယ်။
အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုအဆင့်အစည်းအဝေးကို နေ့တိုင်း ပြုလုပ်နေတာဖြစ်ပါတယ်။